၂၀၂၂ ခုနှစ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အခမ်းအနားကျင်းပ၊ Sim Card စနစ်တကျ မှတ်ပုံတင်ရမည့် မူဝါဒသတ်မှတ်ချက်များကို အလေးအနက်ထား၍ တိကျစွာ စိစစ်ဆောင်ရွက်ပေးရေး မှာကြား

၂၀၂၂ ခုနှစ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အခမ်းအနားကျင်းပ၊ Sim Card စနစ်တကျ မှတ်ပုံတင်ရမည့် မူဝါဒသတ်မှတ်ချက်များကို အလေးအနက်ထား၍ တိကျစွာ စိစစ်ဆောင်ရွက်ပေးရေး မှာကြား

နေပြည်တော်  စက်တင်ဘာ  ၂၉

ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည်  ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း  မြန်မာ့ဆိပ်ကမ်း အာဏာပိုင်(ရုံးချုပ်)တွင် ကျင်းပသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့(World Maritime Day 2022  )အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ ဌာန အကြီးအမှူးများ၊ တာဝန်ရှိသူများ၊ ရေကြောင်းဘက်ဆိုင်ရာ ပြည်တွင်းအဖွဲ့အစည်းများ ဖြစ်သော ပင်လယ်ရေကြောင်း သင်္ဘောလိုင်း ကုမ္ပဏီများ၊ မြန်မာသင်္ဘောသားများ အဖွဲ့အစည်း၊   ဆိပ်ကမ်းဝန်ဆောင်မှု ကုမ္ပဏီများ၊  ရေကြောင်းဆိုင်ရာ သင်တန်းကျောင်းများ၊ ပြည်တွင်းရေကြောင်းသွား   ရေယာဉ်ပိုင်ရှင် အသင်းစသည်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနား၌   ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ပင်လယ် ရေကြောင်းနေ့ အထိမ်းအမှတ် အခမ်းအနားများကို အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်(IMO)မှ ကြီးမှူး၍  ရေကြောင်းဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ရေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များအပေါ် အထူးဂရုပြု ဆောင်ရွက် လာနိုင်စေရေး အတွက် အဖွဲ့ဝင်နိုင်ငံများတွင်  နှစ်စဉ် တစ်ပြိုင်တည်း ကျင်းပကြပြီး  မြန်မာနိုင်ငံအနေဖြင့်လည်း  ယနေ့ကျင်းပ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရေကြောင်းနှင့်ဆိပ်ကမ်းဆိုင်ရာ အဆောက်အဦများတွင် ကမ္ဘာ့ပင်လယ် ရေကြောင်းနေ့ အထိမ်းအမှတ် ရောင်စုံမီးများကိုလည်း   ဂုဏ်ပြုထွန်းညှိ သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၂ ခုနှစ်   ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အထိမ်းအမှတ် ဆောင်ပုဒ်သည် “ရေကြောင်းပတ်ဝန်းကျင် စိမ်းလန်းဖို့ နည်းပညာသစ်များ အသုံးပြုစို့ (New Technologies for Greener Shipping)”ဟူ၍ ဖြစ်ကြောင်း၊ ရေရှည်တည်တံ့ ဖွံ့ဖြိုး၍ပိုမိုစိမ်းလန်းသော ရေကြောင်းလုပ်ငန်းကို အသုံးပြုခြင်းသည်  ရေကြောင်းဆိုင်ရာ  အလုပ်အကိုင် အခွင့်အလမ်းသစ်များနှင့် အလုံးစုံ တိုးတက်စေရေးအတွက် အလားအလာများစွာကို ဖော်ဆောင်ပေးကြောင်း၊ ဤသို့ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် နည်းပညာသာမက ဘဏ္ဍာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးလာရေးသည်လည်း မလွဲမသွေ လိုအပ်ကြောင်း၊    သို့ဖြစ်၍ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်  ဖွံ့ဖြိုးမှု မိတ်ဖက်များ အနေဖြင့်လည်း ရန်ပုံငွေနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆိုင်ရာများကို   ထိရောက်အောင် ကူညီပံ့ပိုးပေးရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံ အချင်းချင်းသော် လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံတို့ အကြားတွင် လည်းကောင်း နည်းပညာများ လက်ဆင့်ကမ်း၍ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ရေရှည်စိမ်းလန်း၍ တည်တံ့သော ရေကြောင်းအနာဂတ် အတွက် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ IMO အတွင်းရေးမှူးချုပ် Mr. Kitack Lim ထံမှပေးပို့သော Video Message ကို ပြသသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(ရုံးချုပ်)သို့ ရောက်ရှိပြီး ဌာနအလိုက်မှ တာဝန်ခံများက လုပ်ငန်းဆိုင်ရာ စွမ်းဆောင်နိုင်မှုကို  ရှင်းလင်းတင်ပြကြရာ  ပြည်ထောင်စုဝန်ကြီးက  လက်ရှိဈေးကွက်တွင်  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက  ရရှိထားသည့် အဆင့်ကို ရေရှည်ထိန်းသိမ်းနိုင်ရေး၊ အသေးစား၊ အလတ်စား စီးပွားရေး ကုမ္ပဏီများနှင့်   အပြန်အလှန်ဆက်သွယ် ဆောင်ရွက်ပြီး  Business to Business ဝန်ဆောင်မှုများ ဆက်လက်တိုးချဲ့ ဆောင်ရွက်ရေး၊ ပိုမိုအောင်မြင် ဖြစ်ထွန်းရေး အတွက် မဟာဗျူဟာ ထားရှိအကောင်အထည် ဖော်သွားရေး၊  Sim Card စနစ်တကျ မှတ်ပုံတင်ရမည့် မူဝါဒသတ်မှတ်ချက်များကို အလေးအနက်ထား၍   တိကျစွာ စိစစ်ဆောင်ရွက် ပေးရေးမှာကြားပြီး ဝန်ထမ်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့စာတိုက်လုပ်ငန်း   ရန်ကုန်စာတိုက်ကြီးသို့ ရောက်ရှိပြီး ချောစာ၊ ချောထုပ်လက်ခံထုပ်ပိုးမှု၊ သယ်ယူဖြန့်ဝေရေးနှင့်ချောစာ၊ ချောထုပ်များ လက်ခံရာတွင်  သေချာစွာ စစ်ဆေးရှာဖွေရေး လုပ်ငန်းစဉ်များကို  ကြည့်ရှုစစ်ဆေးပြီးနောက် ဝန်ထမ်းများကို လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သန်လျင်မြို့နယ်ရှိ   မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်သို့ရောက်ရှိပြီး တက္ကသိုလ်၏ အစည်းအဝေး ခန်းမတွင် ပါမောက္ခချုပ်က ယခုပညာသင်နှစ်အတွင်း ကျောင်းသား၊ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေမှု၊ ကျောင်းဆောင်များ၊ သရုပ်ပြခန်းများ၊ စာကြည့်တိုက်နှင့် အားကစားဆိုင်ရာ တည်ဆောက်နေမှုတို့ကို  ရှင်းလင်းတင်ပြရာ     ပြည်ထောင်စုဝန်ကြီးက ကျောင်းဆောင်များ  စနစ်တကျနှင့် သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ လုံခြုံရေးနှင့် ဝန်ထမ်းများ သက်သာချောင်ချိရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စများအား စာသင်ခန်းများတွင် နည်းပြဆရာများ သင်ကြားမှုပိုမို အဆင်ပြေချောမွေ့အောင် စီစဉ်ပေးစေရေး၊ သင်ထောက်ကူပစ္စည်း လိုအပ်သလို ဖြည့်ဆည်းပေးရေး၊ စာသင်ခန်းများ အလင်းရောင် ပိုမိုရရှိရေး၊ ဘာသာရပ်အလိုက် သက်ဆိုင်သည့် ဌာနများမှ  ကျွမ်းကျင်သူများကို ဖိတ်ခေါ်၍  အချိန်ပိုင်း သင်ကြားပို့ချနိုင်ရန်   ညှိနှိုင်းရေး လိုအပ်ချက်များကို မှာကြားပြီး   ဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများ   စာသင်ကြားနေမှု၊  ကျောင်းဝင်းအတွင်း သန့်ရှင်းသပ်ရပ်မှု၊ ရေယာဉ်အမြန်နှုန်း တိုင်းတာတွက်ချက်သည့် Towing Test Tank လက်တွေ့ဆောင်ရွက်မှု၊  စာကြည့်တိုက် ရွှေ့ပြောင်းပြီးစီးမှု၊ တက္ကသိုလ်ဝင်းအတွင်း ပလက်ဖောင်းပြုပြင်မှုနှင့်  ဘောလုံးကွင်းနှင့် ဘတ်စကက် ဘောကွင်းများ တည်ဆောက်ပြီးစီးမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။