MSME များသည် နိုင်ငံ့စီးပွားရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်၍ အလေးထားပြီး ဆောင်ရွက်

MSME များသည် နိုင်ငံ့စီးပွားရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်၍ အလေးထားပြီး ဆောင်ရွက်

 ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုတို့သည် ယနေ့မွန်းလွဲပိုင်းတွင်    မန္တလေးစက်မှုဇုန်ရှိ ဒုံးပျံဂျုံစက်နှင့်   တိုးပွားမန်းဓာတ်မြေသြဇာ စက်ရုံများသို့ သွားရောက်ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ    ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန္တလေး စက်မှုဇုန်ရှိ ဒုံးပျံဂျုံစက်သို့ရောက်ရှိကြရာ ရှင်းလင်းဆောင်၌  ဒိုင်းမွန်းစတား ကုမ္ပဏီလီမိတက် မန္တလေးစက်ရုံတာဝန်ခံ ဦးခွန်အောင်ဆန်းက စက်ရုံသမိုင်းကြောင်းနှင့်    စက်စွမ်းအား၊ ဝန်ထမ်းအင်အားနှင့် ဖွဲ့စည်းပုံ၊ နှစ်အလိုက် တိုးမြှင့်ထုတ်လုပ်နိုင်မှုနှင့် ဖြန့်ချိမှု၊  ပြည်ပမှတင်သွင်းမှုနှင့် ဈေးကွက်ယှဉ်ပြိုင်ရောင်းချနေမှုများကိုရှင်းလင်းတင်ပြရာ   မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အကြံပြုချက်နှင့်အတူ  လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထို့နောက်   ပြည်ထောင်စုဝန်ကြီးက အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်း (MSME) များသည်   နိုင်ငံ့စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်၍ အလေးထားပြီးဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားထားကြောင်း၊  နိုင်ငံတော်မီဒီယာအနေဖြင့် စက်မှုဇုန်များ   ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားပြီး မန္တလေးတိုင်းဒေသကြီး    ဝန်ကြီးချုပ်က စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအဆောက်အဦဆိုင်ရာများကို အလေးထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍   ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်ရုံအတွင်း  လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်အား ရှင်းလင်းတင်ပြကြသည်။

ဒုံးပျံဂျုံစက် (မန္တလေး)အနေဖြင့် အဆင့်မြင့်ဂျုံမှုန့်များကို ၁၉၈၀ ပြည့်နှစ်မှစ၍ တစ်နေ့လျှင် ၂ ဒသမ ၅ တန်နှုန်းဖြင့် ထုတ်လုပ်ခဲ့ရာမှ ၁၉၈၃ ခုနှစ်တွင် တစ်နေ့လျှင် ၁၅ တန်နှုန်း၊ ၁၉၉၄ ခုနှစ်တွင် တစ်နေ့လျှင်တန် ၄၀ နှုန်း၊ ၂၀၀၄ ခုနှစ်တွင်  တန် ၂၀၀ နှုန်းသို့တိုးမြှင့်ထုတ်လုပ်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စ၍  တစ်နေ့လျှင်တန် ၂၂၀ နှုန်းဖြင့် ထပ်မံတိုးမြှင့်၍ထုတ်လုပ်လျက်ရှိပြီး   ရန်ကုန်မြို့ရှိ စက်ရုံမှလည်းတစ်နေ့လျှင် တန် ၉၆၀ နှုန်းဖြင့်

ထုတ်လုပ်လျက်ရှိရာ စုစုပေါင်း တစ်နေ့လျှင် တန် ၁၁၈၀ နှုန်းဖြင့် ထုတ်လုပ်နေခြင်းဖြစ်ကြောင်း၊ ၎င်းင်းစက်ရုံအနေဖြင့်  ၂၀၁၅ ခုနှစ်၊ မန္တလေးစက်မှုဇုန်ထူးချွန်ဆုကိုလည်းရရှိထားကြောင်းနှင့် ၎င်းင်းတို့စက်ရုံထုတ်ဂျုံမှုန့်များကို တစ်နိုင်ငံလုံးသို့ဖြန့်ချိလျက်ရှိရာ နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းကျော်    လွှမ်းခြုံဖြန့်ချိနိုင်ပြီဖြစ်ကြောင်း သိရသည်။

ယင်းနောက်    ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုးပွားမန်းဓာတ်မြေသြဇာစက်ရုံသို့သွားရောက်ကြပြီး လှည်းယဉ်ကွန်ပေါင်းဓာတ်မြေသြဇာအမည်ဖြင့် အချိုးမြင့်၊ အချိုးလတ်၊ အချိုးနိမ့်ဓာတ်မြေသြဇာများ၊ ဖော့စဖိတ်ဓာတ်မြေသြဇာ၊ ရော်ဘာအထူးဓာတ်မြေသြဇာနှင့် ပုလဲအစားထိုးဓာတ်မြေသြဇာများ ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ကုန်ကြမ်းများ ပြည်ပမှမှာယူ တင်သွင်းသိုလှောင်ထားမှု အခြေအနေများကို  လှည့်လည်ကြည့်ရှုပြီး သိရှိလိုသည်များမေးမြန်းမှုအပေါ်  စက်ရုံမှတာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။

ထို့နောက်   စက်ရုံရှင်းလင်းဆောင်၌ လှည်းယဉ်တံဆိပ်ကွန်ပေါင်းဓာတ်မြေသြဇာ စက်ရုံတည်ဆောက်ရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တိုးပွားမန်းကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ကျင်ကဦးစွာရှင်းလင်းတင်ပြပြီး မန်နေးဂျင်းဒါရိုက်တာ ဦးဆွမ်ချီက   လိုအပ်သည်များဖြည့်စွက် ရှင်းလင်းတင်ပြရာ   ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကုန်ထုတ်လုပ်မှုကိုအခြေခံသည့် စက်မှုဇုန်များ ဖြစ်လာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်   လမ်းညွှန်မှာကြားထားကြောင်း၊ ယခုအခါ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသူများက လူမှုမီဒီယာနည်းလမ်းဖြင့် သတင်းတု၊ သတင်းမှားများ လုပ်ကြံထုတ်လွှင့်ပြီး တည်ငြိမ်မှုပျက်ပြားစေရန် ဆောင်ရွက်လျက် ရှိကြောင်း၊  နိုင်ငံတော်မီဒီယာအနေဖြင့် သတင်းမှန်များ  လျင်မြန်စွာထုတ်ပြန်ရေး ဆောင်ရွက်နေမှုနှင့်အတူ ယခုကဲ့သို့ ပြည်တွင်းထုတ်ကုန်များ   တိုးတက်ထုတ်လုပ်ခြင်းနှင့်  ပြည်ပမှသွင်းကုန်များလျှော့ချနိုင်ခြင်း လုပ်ငန်းများတိုးတက်ဆောင်ရွက်နိုင်မှု အခြေအနေများကို   ပြည်သူများကျယ်ကျယ်ပြန့်ပြန့်ဖြင့် သိရှိနားလည်နိုင်ရန်  ထုတ်ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

လှည်းယဉ်တံဆိပ် ကွန်ပေါင်းဓာတ်မြေသြဇာ စက်ရုံကို စွန့်ပစ်ရေဆိုးများသန့်စင်မှုနှင့်အတူမြေဆွေးအာဟာရ ဓာတ်မြေသြဇာပြောင်းလဲထုတ်လုပ်နိုင်ရန်၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားတိုးတက်လာစေရေး အထွက်နှုန်းမြှင့်တင်နိုင်ရန်နှင့်   ကမ္ဘာ့အဆင့်မီစိုက်ပျိုးရေးသွင်းအားစုများ ထုတ်လုပ်ဖြန့်ချိနိုင်ရန်  ရည်ရွယ်ချက်များဖြင့် ၂၀၀၂ ခုနှစ်က မန္တလေးစက်မှုဇုန်တွင်   စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး  ပြည်ပမှ နိုက်ထရိုဂျင်၊  ဖော့စဖိတ်နှင့် ပိုတက်ဆီယမ် ကုန်ကြမ်းများ တင်သွင်း၍ ပေါင်းစပ်ထုတ်လုပ်ကာ    နိုင်ငံတစ်ဝန်းသို့ ဖြန့်ချိနေကြောင်း သိရသည်။     

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က စက်မှုဇုန်အတွင်း အခြေခံအဆောက်အဦပိုင်းဆိုင်ရာများ ဖြည့်ဆည်း ဆောင်ရွက်ပေးမှုနှင့်အတူ   စက်မှုဇုန်အတွင်းသန့်ရှင်းရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေး တို့အတွက် စည်ပင်သာယာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် မန္တလေးမြို့ရှိ  မဟာမြတ်မုနိဘုရားကြီးအား သွားရောက်ဖူးမြော်ပြီး  ပန်း၊  ရေချမ်းနှင့် ရွှေသင်္ကန်းများကပ်လှူပူဇော်ကြကာ ဘုရားဖူးပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ဆက်လက်၍   မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားအား သွားရောက်ဖူးမြော်ပြီး စေတီတော်ကြီး၏ ရင်ပြင်တော်ပတ်လည်နှင့် ကျောက်စာပတ်လမ်းတို့တွင်    နေပူခံစကျင် ကျောက်ပြားခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုနှင့် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ   လာရောက်ဖူးမြော်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။

မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားကြီး ရင်ပြင်တော်ပတ်လည်နှင့် ကျောက်စာပတ်လမ်းတို့တွင် နေပူခံစကျင်ကျောက်ပြားခင်းခြင်း လုပ်ငန်းကို နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ ၂၀၂၁ ခုနှစ်  ဒီဇင်ဘာလ ၄ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ  ၂၀၂၂ ခုနှစ်၊  ဇူလိုင် ၂၀ ရက်တွင်   လုပ်ငန်းများပြီးစီးခဲ့ကြောင်း၊   ၁ ပေပတ်လည် ထု ၁ လက်မအရွယ်အစားရှိ စကျင်ကျောက်ပြားအချပ်ရေ ၈၁၉၀၀ ကို စေတီတော်ကြီး၏ ရင်ပြင်တော်ပတ်လည်တွင် လည်းကောင်း၊ အချပ်ရေ ၉၀၈၀၀ ကို ကျောက်စာပတ်လမ်းများတွင်လည်းကောင်း ခင်းကျင်းဆောင်ရွက်ခဲ့ရာ  လှူဒါန်းမှုနှင့်  ကုန်ကျငွေ စုစုပေါင်းမှာ ငွေကျပ်သိန်း ၆၅၀၀ ဖြစ်ကြောင်း သိရသည်။