မြန်မာနိုင်ငံမှ  စင်ကာပူနှင့် ကိုရီးယားနိုင်ငံတို့သို့ သံရည်ကျိုပုံလောင်း ထုတ်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိ

မြန်မာနိုင်ငံမှ  စင်ကာပူနှင့် ကိုရီးယားနိုင်ငံတို့သို့ သံရည်ကျိုပုံလောင်း ထုတ်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိ

ပဲခူး အောက်တိုဘာ

မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့သို့ ပို့ကုန်အဖြစ် လျှပ်စစ်မီးတိုင် အောက်ခံခုံများ၊ သံကြွပ်မြောင်းဖုံး အမျိုးမျိုး၊ ပို့ကုန်ခဲသီးအစားထိုး သံကြွပ်ခဲသီးများကို နေ့စဉ်လုပ်သားဦးရေ ၈၀ ဖြင့် တစ်ရက်လျှင် ကုန်ချောထုတ်ကုန် ရှစ်တန်ခန့် ထုတ်လုပ်တင်ပို့လျက် ရှိကြောင်း သိရသည်။

 ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့နယ် ဘုရားကြီးမြို့ အနောက်ပိုင်းရပ်ကွက် အမှတ်(၂၉)ရှိ ဦးအေးဝင်း၏ သံရည်ကျိုပုံလောင်း လုပ်ငန်းသို့ သွားရောက်ကြည့်ရှု အားပေးသည်။

ထိုသို့ကြည့်ရှုအားပေးစဉ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့တိုင်းဒေသကြီး အတွင်းရှိ အသေးစား၊ အငယ်စား၊အလတ်စား စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ပေးရန် လာရောက်ရခြင်းဖြစ်ပြီး ကုန်ကြမ်းရရှိမှုပေါ် မူတည်လုပ်ကိုင်နေရသည်ကို သိရ၍ ကုန်ကြမ်းများ ဈေးနှုန်းသက်သာစွာ   လွယ်ကူစွာရရှိနိုင်ရေး၊ အချို့ကုန်ချောများသည် စင်ကာပူနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့သို့ လစဉ် တင်ပို့ပေးနေရသော်လည်း  တစ်ဆင့်ခံဖြစ်နေသဖြင့် ထိုက်သင့်သည့်ဈေးနှုန်း မရရှိ၍ တိုက်ရိုက်ချိတ်ဆက်ပြီး ခိုင်မာသည့်ပြည်ပ ဈေးကွက်ရရှိစေရေး၊ လုပ်ငန်းတိုးချဲ့နိုင်ရန် မြေနေရာရရှိရေးနှင့် လုပ်ငန်းချိန်အတွင်း လျှပ်စစ်မီး အပြည့်အဝရရှိရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါသံရည်ကျို လုပ်ငန်းသည် ၂၀၁၃ ခုနှစ်တွင် နိုင်ငံတော်အဆင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်ဆုနှင့် ၂၀၁၈ ခုနှစ်တွင် ဒေသဆိုင်ရာထုတ်ကုန် အမျိုးအစားတွင် ဒုတိယဆုရရှိထားပြီး လက်ရှိတွင် မီးဖိုချောင်သုံးပစ္စည်းများ၊ မီးဖိုသံဆန်ခါများ၊ လျှပ်စစ်သံခွေများ၊ ငရုတ်ဆုံများ၊ စက်သီးဘီးများ၊ ချိန်ခွင်အလေးများ၊  သံကြွပ်ဒယ်အိုးများ၊ သံကြွပ်သံပန်းပုံစံအမျိုး  ၁၀၀ ကျော်၊ ဆားဗစ်ကန်အဖုံးများ၊  လေဂေါက်များ၊ သဲစုပ်ပန့်၊ ကျောက်စုပ်ပန့်၊ ရွှေစုပ်ပန့်အမျိုးမျိုး၊ သံကျင်တွယ်အမျိုးမျိုး၊ သံနန်းဆွဲခြင်း၊  သံတံခါးသုံး ဖလပ်ပြားအမျိုးမျိုး၊ ဓားသံ၊ တံစဉ်ကြိတ်ပြားများ၊ ရိတ်သိမ်းခြွေလှေ့စက်သွားများ၊   အပ်ချုပ်စက်ခြေထောက်များ၊    မီးသတ်ပိုက်ခေါင်းအထိုင်များကို   ပြည်တွင်း အသုံးပြုရန်သာမက ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်လျက် ရှိကြောင်း သိရသည်။