360 Fight Club(III) မျိုးဆက်သစ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပ

360 Fight Club(III) မျိုးဆက်သစ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပ

ရန်ကုန်  အောက်တိုဘာ  ၂

မျိုးဆက်သစ်များအတွက် 360 Sports က စီစဉ်ကျင်းပသည့် 360 Fight Club (III)  မျိုးဆက်သစ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပသည်။

အဆိုပါ 360 Fight Club(III) မျိုးဆက်သစ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတွင် တွဲဆိုင်း ၁၃ ဆိုင်းပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ယင်းပွဲများအနက် ပရိသတ်များ စိတ်ဝင်စားခဲ့သည့်    ဝဏ္ဏကြီး(TRANSCEND)နှင့် ထွန်းမင်းအောင်(ထွန်းထွန်းမင်း)တို့ လေးချီအထူးစိန်ခေါ်ပွဲ တစ်ပွဲပါဝင်ခဲ့သည်။

ယနေ့   ယှဉ်ပြိုင်ကြသည့်ပြိုင်ပွဲများအနက် ၇၃-၇၆ ကီလိုတန်းပြိုင်ပွဲ ဝဏ္ဏကြီး (TRANSCEND)နှင့် ထွန်းမင်းအောင် (ထွန်းထွန်းမင်း)တို့ ပွဲစဉ်တွင်  ပထမအချီ ၁ မိနစ် ၃၈ စက္ကန့်တွင် ဝဏ္ဏကြီး အမှတ်စဉ် ရေတွက်ခံရပြီး  အနားတောင်းခဲ့ရသည်။

ပထမအချီ၏ လက်ကျန်ချိန်များ ဆက်လက် ယှဉ်ပြိုင်ခဲ့သော်လည်း ၂ မိနစ် ၃ စက္ကန့်တွင် ဝဏ္ဏကြီးဆေးရှုံးဖြင့် ထွန်းမင်းအောင် (ထွန်းထွန်းမင်း) အနိုင်ရရှိခဲ့သည်။

ထို့အတူ ၆၇-၇၀ ကီလိုတန်းပြိုင်ပွဲ ပိုင်စိုးဦး(OSCAR)နှင့်  မင်းအောင်ကျော် (STL)တို့ပွဲစဉ်တွင် ပိုင်စိုးဦးက အနီးကပ်ကာ လက်သီးတွဲလုံးများဖြင့် အလွတ်မပေးဘဲ လိုက်ထိုး၍ ချုပ်ထိုးချုပ်တိုက် နိုင်ခဲ့သည့် အတွက် ပထမအချီ ၁ မိနစ် ၂၃ စက္ကန့် အရောက်တွင် မင်းအောင်ကျော် အမှတ်စဉ် ရေတွက်ခံရပြီး ၂ မိနစ် ၀၂ စက္ကန့်တွင် ဒိုင်ပွဲရပ်ဖြင့် ပိုင်စိုးဦး အနိုင်ရရှိသည်။

၆၀-၆၃ ကီလိုတန်းပြိုင်ပွဲ မင်းထက်ကျော် (နဂါးမာန်)နှင့် မျိုးအောင်(RAY)တို့ပြိုင်ပွဲတွင် ပထမအချီ ၁ မိနစ် ၃၁ စက္ကန့်အရောက် မျိုးအောင်လဲကျပြီး အမှတ်စဉ်ရေတွက်ခံရပြီး အနားတောင်းခဲ့ရသည်။ ဆက်လက်ယှဉ်ပြိုင် ခဲ့သော်လည်း ၁ မိနစ် ၅၀ အရောက်တွင် အမှတ်စဉ်ထပ်မံရေတွက်ခံရကာ အလဲထိုးဖြင့် မင်းထက်ကျော်အနိုင်ရရှိသည်။

၆၀-၆၃ ကီလိုတန်းပြိုင်ပွဲ မင်းခန့်(လုံးချော)နှင့် စောရှောလမုန်(ရိုးရာကျား)တို့ပြိုင်ပွဲတွင် ပွဲစသည်နှင့် နှစ်ဦးလုံး ခပ်ကြမ်းကြမ်း ထိုးသတ်နိုင်ကြသည်။ ပထမအချီ ၄၀ စက္ကန့်တွင် မင်းခန့်လက်သီးကြောင့် စောရှောလမုန် လဲကျသွားကာ ၂ မိနစ် ၂၄ စက္ကန့်တွင် စောရှောလမုန် အမှတ်စဉ်ရေတွက်ခံရသည်။

ဒုတိယအချီ ၁ မိနစ် ၄၃ စက္ကန့်တွင် စောရှောလမုန် ခြေကန်ချက်ဖြင့်  မင်းခန့်အမှတ်စဉ် ရေတွက်ခံရပြီး   ဆက်လက်ယှဉ်ပြိုင်ရာ၂ မိနစ် ၁၈ စက္ကန့်တွင် မင်းခန့် အနားတောင်းခဲ့ရသည်။ တတိယအချီ ၁ မိနစ် ၁၅ စက္ကန့်တွင် စောရှောလမုန် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

၆၀-၆၃ ကီလိုတန်းပြိုင်ပွဲ ဂျိုးဂျိုး(BBH)နှင့် ညီရဲခန့်(YANGON FIGHT CLUB)တို့ပြိုင်ပွဲတွင် ပထမအချီထဲကတည်းက ညီရဲခန့်က ဖိကစားခဲ့ပြီး   လက်သီးတွဲလုံး၊ ခြေကန်ချက်၊ တံတောင်ရိုက်ချက်တို့ ထပ်ကြပ်လိုက်နိုင်သည့် အတွက် တစ်ဖက်ကစားသမား ဂျိုးဂျိုးအထိနာခဲ့သည်။ တတိယအချီ ၂ မိနစ် ၂၅ စက္ကန့်တွင် ဂျိုးဂျိုးအမှတ်စဉ် ရေတွက်ခံရပြီး ၂ မိနစ် ၅၂ စက္ကန့်တွင် ညီရဲခန့် အနိုင်ရရှိသည်။ ၅၅  ကီလိုတန်းပြိုင်ပွဲ ရဲမာန်((YMCA)နှင့် စောလယ်ရဲ(ရိုးရာကျား) တို့ပြိုင်ပွဲတွင် နှစ်ဦးသား ဆိုင်ထိုးပြိုင်ထိုးခဲ့ကြရာ ပထမအချီ ၁ မိနစ် ၁၄ စက္ကန့်တွင် ရဲမာန်အနားတောင်းခဲ့ရပြီး ၂ မိနစ် ၂၇ စက္ကန့်တွင် စောလယ်ရဲ၏ လက်သီးများ ဆက်တိုက်ထိမှန်ကာ   ရဲမာန်လဲကျ၍  စောလယ်ရဲ အလဲထိုးဖြင့် အနိုင်ရရှိသည်။

ကျန်ပွဲစဉ်များဖြစ်သည့် ၅၀ ကီလိုတန်းတွင် ဗူးသီး(SMART FIGHT CLUB))နှင့် ဇွဲတံခွန်(ဇွဲမြန်မာ)၊ ၅၅ ကီလိုတန်းတွင် သြဘာစိန်(ဇာတိမာန်)နှင့် ပြည့်စုံ(HOLY POWER))၊ နေလင်း(ဇွဲမြန်မာ)နှင့် ဘရန်ဆိုင်း (PYTHON)၊ ကျော်လင်းအောင်(BBH)နှင့် ဆလိုင်းမင်းနိုင်(FIGHTING FIGHT CLUB)၊ ၆၀-၆၃  ကီလိုတန်းပြိုင်ပွဲတွင် စောခေးယူးထူး (ရိုးရာကျား)နှင့်  ဇွဲရန်နိုင် (BBH)၊ ထွန်းလင်းအောင်(ကျားမနိုင်)နှင့် စောစတိဗ် (YANGON FIGHT CLUB)၊ ၆၇-၇၀ ကီလိုတန်းပြိုင်ပွဲတွင် ဇော်သက်နောင်(SMART FIGHT CLUB) နှင့် မိုက်မိုက်(ဇာတိမာန်)တို့ တစ်ဦးနှင့်တစ်ဦး အနိုင်ထိုးသတ်နိုင်ခြင်း မရှိသည့်အတွက် ပူးတွဲသရေပွဲများ ဖြစ်ခဲ့သည်။