ရေဘုတ်ရေလှောင်တမံမှ မိုးစပါးစိုက်ဧက ၁၁၉၂ ဧကအတွက် စိုက်ပျိုးရေပေးဝေလျက်ရှိ

ရေဘုတ်ရေလှောင်တမံမှ မိုးစပါးစိုက်ဧက ၁၁၉၂ ဧကအတွက် စိုက်ပျိုးရေပေးဝေလျက်ရှိ

နေပြည်တော်  အောက်တိုဘာ  ၂

လှိုင်းဘွဲ့မြို့နယ်ရှိ ရေဘုတ်ရေလှောင်တမံသည် စိစစ်စပါးစိုက်ဧက ၁၅၅၀ ရှိပြီး လက်ရှိတွင် မိုးစပါးစိုက်ဧက ၁၁၉၂ ဧကအတွက် စိုက်ပျိုးရေပေးဝေလျက် ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။

“ဒီရေလှောင်တမံကနေ စိုက်ပျိုးရေပေးဝေရာမှာ တူးမြောင်းမကြီး တစ်ခု၊ လက်တံ မြောင်းခြောက်ခုနဲ့ တိုက်ရိုက်ရေပေးမြောင်း၂၁ ခုကနေ ရေပေးဝေလျက် ရှိပါတယ်။

လှိုင်းဘွဲ့မြို့နယ်မှာရှိတဲ့ ထီလုံ၊ တပုထို၊ သမ္ဘာန်၊ နောင်သငဲ့ စတဲ့ ကျေးရွာအုပ်စုတွေနဲ့ ကျေးရွာပေါင်း ခြောက်ရွာမှာရှိတဲ့ စိုက်ပျိုးမြေတွေကို အဓိကရေပေးဝေလျက် ရှိပါတယ်။ အခု မိုးစပါးစိုက်ချိန်ဖြစ်တဲ့အတွက် တောင်သူတွေအတွက် စိုက်ပျိုးရေ လိုအပ်မှု မရှိအောင်  ပေးဝေလျက်ရှိပါတယ်”ဟု လှိုင်းဘွဲ့မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးကျော်ခိုင်စိုး ကပြောသည်။

ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မိုးစပါး၊ နွေစပါး(သီးထပ်)နှင့် ဆောင်းသီးနှံ များအတွက် စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့် ခွဲရေး ဦးစီးဌာနမှ သိရသည်။

ရေဘုတ်ရေလှောင်တမံသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်တွင် တည်ရှိပြီး တမံ အလျား ပေ ၁၇၇၂၀၊ တမံအမြင့် ၄၆ ပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏ ဧက ပေ ၂၈၄၇၄ နှင့် ရေဆင်းဧရိယာ ၁၆ ဒသမ ၂၇ စတုရန်းမိုင်ရှိကာ ထီလုံကျေးရွာအနီးရှိ ရေဘုတ်ချောင်းနှင့် ကစိုင်းချောင်း တို့ကိုပိတ်၍ တည်ဆောက်ထားခြင်းဖြစ်သည်။ ရေဘုတ်ရေလှောင်တမံကို ၂၀၀၅-၂၀၀၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး တည်ဆောက်ပြီးစီးချိန် ၂၀၁၃-၂၀၁၄ ခုနှစ်မှ စတင်ကာ  ဒေသစိုက်ပျိုးရေး အတွက် ဆည်ရေပေးဝေလျက်ရှိသည်။

“ရေဘုတ်ရေလှောင်တမံ ရေသောက်စနစ် အတွင်းရှိ တောင်သူများ ကိုယ်တိုင် ပါဝင် သည့် ရေအသုံးချသူများအဖွဲ့ အဖွဲ့ပေါင်း ၁၂ ဖွဲ့စည်းထားရှိပြီး ယင်းအဖွဲ့များနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ဆည်ရေသုံးစွဲမှု စနစ်တကျခွဲဝေ သုံးစွဲရေး၊ ဆည်ရေရယူရာတွင် အငြင်းပွားမှု ပြဿနာများကို စုပေါင်းညှိနှိုင်းဖြေရှင်းခြင်း၊ လယ်ကြားမြောင်းများ၊ ရေမြောင်းများကို စနစ်တကျ တူးဖော်ခြင်း၊ ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း ဦးစီးအရာရှိ ဦးကျော်ခိုင်စိုးက ပြောသည်။

ထို့ပြင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနသည် သက်ဆိုင်ရာဦးစီး ဌာနများနှင့် ပူးပေါင်း၍ ပြည်နယ်အတွင်း တောင်သူများ၏ လူနေမှုဘဝ တိုးတက်မြင့်မားရေး အတွက် တစ်သီးစားမှ  နှစ်သီးစား၊ သုံးသီးစားအထိ  တိုးမြှင့်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။