ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၇၅ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၇ ရာခိုင်နှုန်းဖြစ်

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၇၅ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၇ ရာခိုင်နှုန်းဖြစ်

နေပြည်တော်  အောက်တိုဘာ  ၂

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ  ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ  စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင် ရွက်ကြရန် လိုအပ်သည်။

 ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက် ရှိပြီး ၁-၁၀-၂၀၂၂ ရက်   ည ၈ နာရီမှ ၂-၁၀-၂၀၂၂ ရက်   ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၀၁၉၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၇၅ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၉၀၉၁၆၅၅ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၂၃၉၁၄ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၁၉၅ ဦးရှိသဖြင့်    ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ  စုစုပေါင်း ၅၉၈၅၀၆ ဦးရှိပြီဖြစ်သည်။   ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၄၆၁ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍  ထိုးနှံပေးလျက်ရှိရာ ၁-၁၀-၂၀၂၂ ရက်အထိ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ စုစုပေါင်း ၃၀၅၈၅၉၃၄ ဦးနှင့် အသက် ၁၈ နှစ် အောက် လူဦးရေ စုစုပေါင်း ၆၆၃၃၃၆၆ ဦးတို့အား ထိုးနှံထားရှိပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၈-၁-၂၀၂၂ ရက်မှ ၂၆-၉-၂၀၂၂ ရက်အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၄၅ ဦးရှိရာ ၎င်းတို့အနက် ၁၀၂ ဦး(၇၀ ရာခိုင်နှုန်း)မှာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါ  စသည့်နာတာရှည်ရောဂါအခံ တစ်ခုခုရှိသူများဖြစ်ကြသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသည့် နာတာရှည်ရောဂါအခံ ရှိသူများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ သေဆုံးသူများ၏ ၈၁ ဒသမ ၄ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝ ထိုးနှံထားခြင်း မရှိသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားခြင်း မရှိသူများဖြစ်ကြပြီး  ၁၇ ဒသမ ၂ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားရှိသူများနှင့်  ၁ ဒသမ ၄ ရာခိုင်နှုန်းမှာ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံထားသူများ ဖြစ်ကြောင်း တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့်  သေဆုံးသူများ အတွင်း နာတာရှည်ရောဂါ အခံရှိသူများ၏ ကာကွယ်ဆေးထိုးနှံမှု အခြေအနေကို  လေ့လာ သုံးသပ်ချက်အရ အဆိုပါပုဂ္ဂိုလ်များအနက် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားသူများ နှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားသူများတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံး မှုကို သိသာစွာ လျှော့ချနိုင်ကြောင်းကို တွေ့ရှိရသည်ဖြစ်ရာ ဆီးချို၊  သွေးတိုး၊  နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါ စသည်တို့ကဲ့သို့သော နာတာရှည် ရောဂါအခံတစ်ခုခုရှိသူ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများကို  တိကျစွာလိုက်နာခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ် တကျ တပ်ဆင်ခြင်းတို့အပြင် နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက် မကွက် ဆောင်ရွက်ကြပါရန်   အသိပေး နှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။