ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဟင်္သာတမြို့၊ မြန်အောင်မြို့နှင့် ကနောင်မြို့တို့၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ လွန်ဆေးမြိုင်ပန်းခြံ အနောက်ဘက်နှင့် ကနောင်မြို့၊ အမှတ်(၄) ရပ်ကွက်တို့၌ ဧရာဝတီမြစ်ရေ တိုက်စားပြီး တာရိုးကမ်းပါးပြိုကျမှုနှင့် ဟင်္သာတမြို့၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာတို့၌ တာရိုးကျိုးပေါက်ပြီး ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ရာ သြဂုတ် ၁ ရက်မှစ၍ အနောက် တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက သွားရောက်၍ ကူညီကယ် ဆယ်ရေး လုပ်ငန်း များဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ တာရိုးကျိုးပေါက်ပြီး ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများသို့ ယနေ့တွင် လည်း တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ သဲအိတ်၊ ကျောက်အိတ်များဖြင့် ရေဦးတိုက် ရေကြောင်း ပြောင်းလဲစေရန်  ပြုလုပ်ပေးခြင်း၊ ရေပေါ်လွှဲဝါးဖောင်များ ထပ်မံပြုလုပ်ခြင်း၊ သဲအိတ်များဖြင့် တာထိန်း ၊ တာထုတ်ခြင်းနှင့် လိုအပ်သည့် ကူညီမှုများ ဆက်လက် ဆောင်ရွက်ပေးသည်။

ထို့ပြင် ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သည့် အိပ်ပျက်ကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာမှ ဒေသခံပြည်သူ ၄၁ ဦးတို့ကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေး အဖွဲ့က ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိ ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။