ငပုတောမြို့နယ်၌ ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် ပီလောပီနံ ၃၇၅၆ ဧက စိုက်ပျိုးပြီးစီး

ငပုတောမြို့နယ်၌ ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် ပီလောပီနံ ၃၇၅၆ ဧက စိုက်ပျိုးပြီးစီး

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့ နယ်၌  ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် ပီလောပီနံ  ၃၇၅၆  ဧက  စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း ငပုတောမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန   ဦးစီးမှူး   ဦးထွန်းမျိုးသန့်၏ ပြောဆိုချက်အရ သိရသည်။

ငပုတောမြို့နယ်ရှိ     ဒေသခံပြည်သူများ အနေဖြင့် စပါးစိုက်ပျိုးရေး လုပ်ငန်းနှင့် ယှဉ်တွဲ၍ ဒေသရာသီဥတုနှင့် ကိုက်ညီသည့်  ပီလောပီနံစိုက်ပျိုးခြင်း လုပ်ငန်းကို လုပ်ဆောင်ခြင်းဖြစ်သည်။ ယခုနှစ်တွင် ပီလောပီနံကို ဇူလိုင်လမှ  စတင်စိုက်ပျိုးခဲ့ပြီး လက်ရှိအချိန်ထိ ၃၇၅၆ ဧက  စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

“ပီလောပီနံကို ဒေသခံတွေ စီးပွားရေး အခွင့်အလမ်းတွေကောင်း လာစေဖို့ ဒေသ စိုက်ပျိုးရေးထုတ်ကုန် တစ်ခုအနေနဲ့ စိုက်ပျိုးကြတာဖြစ်ပါတယ်။    ဒီနှစ်မှာတော့ ပီလောပီနံကို ဇူလိုင်လကနေ စတင်စိုက်ပျိုးခဲ့တာပါ။ လက်ရှိမှာ ၃၇၅၆  ဧက စိုက်ပျိုးပြီး ဖြစ်ပါတယ်။ တောင်သူတွေ ပီလောပီနံ စိုက်ပျိုးတဲ့အခါ  နည်းစနစ်မှန်ကန်စေ ဖို့၊   အဆင်ပြေပြေ စိုက်ပျိုးနိုင်ဖို့အတွက် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ် ဆေးတွေကို အချိုးကျ အသုံးပြုတတ်စေဖို့နဲ့ စိုက်ပျိုးထားတဲ့ သီးနှံတွေကို ပိုးမွှားမကျစေဖို့  စိုက်ပျိုးရေး ဝန်ထမ်းတွေက  ကွင်းဆင်းပြီး လိုအပ်တဲ့ နည်းပညာတွေ ပံ့ပိုးကူညီဆောင် ရွက်ပေးခဲ့ပါတယ်” ဟု ဦးထွန်းမျိုးသန့်က ပြောသည်။

ပီလောပီနံသည်  စတင်စိုက်ပျိုးချိန်မှ ခြောက်လခန့်အကြာတွင်  တူးဖော်ပြီး ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ကြောင်း၊ ပီလောပီနံအစိမ်း တစ်ကီလိုလျှင် ငွေကျပ် ၁၃၀၀၊ အခြောက် တစ်ကီလိုလျှင် ငွေကျပ် ၁၇၀၀ ရရှိကြောင်း သိရသည်။