မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်ချီးဒေသ၊ လိုခါးလိုချောင်းကူးတံတား ရေကျော်မှု အား လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၈

ကယားပြည်နယ်၊ မော်ချီးဒေသတွင် သြဂုတ် ၇ ရက်ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လိုခါးလိုကျေးရွာအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် လိုခါး လိုချောင်းကူး တံတား၏ အောက်ခြေတွင် သဲ၊ နုန်းနှင့်အမှိုက်များ ပိတ်ဆို့ပြီး တံတား ပေါ်သို့ သဲ၊နုန်းများ တင်ကျန်ခြင်းနှင့် ရေကျော်စီးဆင်းမှုများ ဖြစ်ပေါ်ခဲ့သဖြင့် လူနှင့် ယာဉ်များ ဖြတ်သန်းသွားလာ နိုင်ခြင်းမရှိဘဲ ရပ်တန့်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ တံတားရေကျော်မှုအား ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဖားဆောင်း တပ်နယ်မှ တပ်မတော်သားများက တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မော်တော်ယာဉ်များ ဖြင့် တံတားပေါ်ရှိ သဲနှင့်နုန်းများ၊ တံတားအောက်ခြေရှိ သဲ၊ နုန်းများနှင့် အမှိုက်များ ဖယ်ရှားရှင်းလင်း ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ယနေ့ညနေပိုင်းမှစ၍ လူနှင့် ယာဉ်များ ပုံမှန်ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။