ကလောမြို့နယ်မှ လိမ္မော်သီး စတင်ထွက်ရှိချိန်တွင် ဈေးကောင်းရပြီး နယ်စုံသို့ တင်ပို့ရောင်းချလျက်ရှိ

ကလောမြို့နယ်မှ လိမ္မော်သီး စတင်ထွက်ရှိချိန်တွင် ဈေးကောင်းရပြီး နယ်စုံသို့ တင်ပို့ရောင်းချလျက်ရှိ

    ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်မှ  လိမ္မော်သီးများ  စတင်ထွက်ရှိချိန်တွင် ဈေးကောင်းရပြီး ရန်ကုန်အပါအဝင် နယ်စုံသို့  တင်ပို့ရောင်းချလျက် ရှိကြောင်း လိမ္မော်သီးစိုက်ပျိုး ရောင်းချသူများ၏ ပြောပြချက်အရ သိရသည်။

လတ်တလောတွင် ကလောမြို့နယ် အပါအဝင်   ယင်းဒေသအနီးတစ်ဝိုက်မှ လိမ္မော်သီးများ စတင်ထွက်ရှိနေပြီး အရွယ်အစားပေါ်မူတည်၍ တစ်ပိဿာ လျှင် ငွေကျပ် ၁၈၀၀ မှ ၃၅၀၀ အထိ ဈေးနှုန်း ရရှိနေကြောင်း သိရသည်။

“လိမ္မော်သီးက အခုမှစထွက်တာဖြစ်လို့  ဈေးကောင်းရနေပါတယ်။  ဈေးနှုန်းတွေက  အမျိုးမျိုးရှိပါတယ်။ အမှာရှိတဲ့ အတိုင်း    ရန်ကုန်အပါအဝင်  နယ်စုံကို တင်ပို့ပေးနေပါတယ်။ လိမ္မော်သီးက နွေမိုးဆောင်းရာသီအလိုက်   နှစ်ကြိမ်ကနေ သုံးကြိမ်အထိ  ဆွတ်ခူးရပါတယ်။ တစ်ပိဿာကို အကြီးဆုံးက ခြောက်လုံး၊ ခုနစ်လုံးလောက်ရှိတယ်။  အလတ်က ကိုးလုံးလောက်နဲ့ အသေးကတော့ ၁၂ လုံး၊ ၁၃ လုံးလောက်ရှိပါတယ်။ လိမ္မော်ပင်က နှစ်ရှည်ပင်လည်းဖြစ်တယ်။  စိုက်ပျိုးတဲ့မျိုး၊ မြေ၊ ရာသီဥတုနဲ့ အပင်ပြုစုမှုပေါ် မူတည်ပြီး  အထွက်နှုန်းက ကွာခြားပါတယ်” ဟု ကလောမြို့နယ်မှ လိမ္မော်သီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ  ဒေါ်နှင်းဖြူကပြောသည်။

ပြီးခဲ့သည့်နှစ်က အသီးဈေးကွက်အေးခဲ့ရာ လိမ္မော်သီး တစ်ပိဿာလျှင် ငွေကျပ် ၅၀၀ မှ ၁၀၀၀ ဝန်းကျင်အထိသာ ရရှိခဲ့သော်လည်း ယခုနှစ်တွင် ဈေးကောင်းရနေကြောင်း သိရသည်။

လိမ္မော်သီးသည်   မျိုးပေါ်မူတည်၍ စိုက်ပျိုးပြီး လေးနှစ် သို့မဟုတ် ငါးနှစ်မှစတင်ကာ အသီးထွက်ရှိပြီး  အပင်သက်တမ်းမှာ နှစ် ၂၀ မှ ၂၅ နှစ်အထိရှိနိုင်ကြောင်း၊ ထို့ပြင် အပင်ပြုစုမှုနှင့် စိုက်ပျိုးသည့်မျိုးပေါ် မူတည်၍ အထွက်နှုန်းကွာခြားနိုင်ကြောင်း သိရသည်။

ယင်းအပြင် တစ်ပင်ချင်းဆွတ်ခူးရမည်ဆိုပါက လေးနှစ်မှ ငါးနှစ်အတွင်း တစ်ပင် လျှင်  အသီး ၄၀ မှ ၄၅ လုံးအထိ ရရှိနိုင်ပြီး   အသီးအထွက်နှုန်းမှာ  ရှစ်နှစ်ခန့်အကြာတွင်  အပင်တစ်ပင်လျှင်  အသီး၄၅၀ မှ ၅၀၀ အထိ ထွက်ရှိနိုင်ကြောင်း သိရသည်။