“အသက် ၂၃ နှစ်ကစပြီး ယနေ့ထိ ရုပ်ရှင်ကို နည်းပေါင်းစုံနဲ့ ဖြတ်သန်းခဲ့တာကြောင့် ယနေ့လိုချီးမြှင့်တဲ့ ရုပ်ရှင်တစ်သက်တာဆုအတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။”

“အသက် ၂၃ နှစ်ကစပြီး ယနေ့ထိ ရုပ်ရှင်ကို နည်းပေါင်းစုံနဲ့ ဖြတ်သန်းခဲ့တာကြောင့် ယနေ့လိုချီးမြှင့်တဲ့ ရုပ်ရှင်တစ်သက်တာဆုအတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။”

(၁၀၂)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ် ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၌ကျင်းပရာ ရုပ်ရှင်တစ်သက်တာဆု ရရှိသူ အကယ်ဒမီဦးအောင်လွင်၏ ရင်တွင်းစကားသံကို ဖော်ပြလိုက်ရပါသည်-

အကယ်ဒမီဦးအောင်လွင်

၁၉၂၀ ပြည့်နှစ်က စတင်ခဲ့တဲ့ မြန်မာ့ ရုပ်ရှင်ဟာ ၂၀၂၀ မှာ နှစ် ၁၀၀ ပြည့်တဲ့အတွက် ကျွန်တော်တို့တွေ များစွာပြင်ဆင်ထားခဲ့တယ်။ မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်မှာ အကယ်ဒမီ ထူးထူးခြားခြားပေးနိုင်အောင် ၂၀၁၉ ခုနှစ်မှာရိုက်ကူးခဲ့တဲ့ ဇာတ်ကားများကို အပင်ပန်းခံပြီး ကြည့်ခဲ့ပါတယ်။ အလွှာအသီးသီးက အကဲဖြတ်များရဲ့ သုံးသပ်ချက်တွေကို ချိပ်ပိတ်သိမ်းထားခဲ့တယ်။၂၀၂၀ ပြည့်ရင် နှစ် ၁၀၀ ပွဲတော်နဲ့အတူ ပြဇာတ်တွေကမယ်၊ တေးသရုပ်ဖော်အတွက် အသံတွေသွင်းကြတယ်၊  အကယ်ဒမီတွေလည်း ပေးမယ်၊ ပြီးတော့ ဦးညွန့်ဝင်းနဲ့ ဦးအောင်လွင်ကိုလည်း ရုပ်ရှင်တစ်သက်တာဆု ပေးမယ်ဆိုပြီး အမှုဆောင်အဖွဲ့ကလည်း ဆုံးဖြတ်ထားတယ်။

သို့သော်လည်း ၂၀၂၀ မှာ ကိုဗစ်ကပ်ရောဂါကြီး ဖြစ်လာတယ်ဆိုတော့ ဘာမှမလုပ်နိုင်ဘူး ဖြစ်သွားတယ်။ ပြီးတော့ ကျွန်တော်နဲ့အတူ ဆုရရင်ပျော်မှာပဲလို့ ပြောခဲ့တဲ့ ဦးညွန့်ဝင်းလည်း ကွယ်လွန်သွားခဲ့တယ်။ ကျွန်တော်လည်းမနက်ဖြန်၊ သဘက်ခါဆိုရင်  ၈၇  နှစ်ပြည့်ပါပြီ။ကျွန်တော် ဇာတ်ကားပေါင်း ၁၀၀ နီးပါး ရိုက်ခဲ့တယ်။ ဦးညွန့်ဝင်းက ဇာတ်ကားပေါင်း ၂၁၆ ကားရိုက်ခဲ့တာ။ မြန်မာပြည်ရဲ့ နေရာဒေသအသီးသီးမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ခဲ့တယ်။ ပွေလီဝေလင်းဆိုရင် မွန်ပြည်နယ်၊ ကလောအလွန် တစ်ဘူတာဆိုရင် ရှမ်းပြည်တောင်ပိုင်း၊ ကျောက်မဲအကျဉ်းသားဆိုရင် ရှမ်းပြည်မြောက်ပိုင်း၊ နေခြည်ဖြာဆိုရင် ကချင်ပြည်နယ်၊ တိမ်လွှာမို့မို့လွင်နဲ့ မိုးကုပ်စက်ဝိုင်းကျော်လွန်၍ ဆိုရင်  ရခိုင်ပြည်နယ် စတဲ့ဇာတ်ကားပေါင်းများစွာ ပင်ပန်းစွာ ရိုက်ခဲ့ပါတယ်။ နည်းပညာနဲ့ စက်ပစ္စည်း အားနည်းတဲ့အတွက်  အားလုံးဝိုင်းဝန်း လက်တွဲပူးပေါင်းမှုရဲ့ စွမ်းအားနဲ့ဖြတ်ကျော်ခဲ့ရတာပါ။ ပြည်သူတွေ မရောက်ဖူးတဲ့ဒေသကို ကျွန်တော့်မျက်စိက တစ်ဆင့်မြင်တွေ့စေလိုတဲ့ ဆန္ဒနဲ့ကြိုးစားခဲ့တာပါ။ ဦးညွန့်ဝင်းနဲ့ အမှတ်တရဆိုရင် သူနေကောင်းစဉ်မှာ ခင်ဗျားနဲ့ကျွန်တော် ဆုတက်ယူရမှာဗျလို့ ပြောခဲ့တဲ့ပုံရိပ်ကို စိတ်ထဲအမှတ်တရရှိပြီး စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ သူကိုယ်တိုင်လည်း ယူစေချင်တာပေါ့လေ။

ဦးညွန့်ဝင်းနဲ့ အချစ်ကြွေးကို သွေးနဲ့ဆပ်မယ် ဇာတ်ကားနဲ့အခြားရုံမတင်ခဲ့ရတဲ့ ဇာတ်ကားနှစ်ကားလည်း တွဲဖူးတယ်။ ၁၉၇၄ ခုနှစ်မှာ နော်ကူးမဇာတ်ကားနဲ့ ကျွန်တော်အကယ်ဒမီရတယ်။ အကယ်ဒမီဆုကို ရွှေတိဂုံဘုရားမှာ လှူခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်  အသက် ၂၃နှစ်ကစပြီး ယနေ့ထိရုပ်ရှင်ကို နည်းပေါင်းစုံနဲ့ ဖြတ်သန်းခဲ့တာကြောင့် ယနေ့လိုချီးမြှင့်တဲ့ရုပ်ရှင်တစ်သက်တာ ဆုအတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ရုပ်ရှင်ကို ချစ်မြတ်နိုးကြတဲ့ ပြည်သူများ အနေနဲ့  ကျွန်တော်ဆုရရှိမှုအပေါ် ဝမ်းသာကြောင်းကို   နားလည်ပေးလိမ့်မယ်လို့ ထင်ပါတယ်။  ။