ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၁၀ ဦးတွေ့ရှိ

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၁၀ ဦးတွေ့ရှိ

နေပြည်တော်  အောက်တိုဘာ  ၁၃

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိသည်။

 ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၁၂-၁၀-၂၀၂၂ ရက်   ည ၈ နာရီမှ ၁၃-၁၀-၂၀၂၂ ရက်   ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၀၉၄၅ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၁၀ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၈၃ ရာခိုင်နှုန်းရှိ သည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၉၂၁၉၃၇၄ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၂၇၆၃၈ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာ များအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၂၉၇ ဦးရှိသဖြင့်    ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ  စုစုပေါင်း ၆၀၁၅၉၃ ဦးရှိပြီဖြစ်သည်။   ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ တစ်ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၄၆၉ ဦးရှိသည်။

မြန်မာနိုင်ငံတွင် ၂၈-၁-၂၀၂၂ ရက်မှ ၂၆-၉-၂၀၂၂ ရက်အထိ တွေ့ရှိရသော ကိုဗစ်-၁၉  ရောဂါကြောင့်  သေဆုံးသူ စုစုပေါင်း ၁၄၅ ဦးရှိရာ ၎င်းတို့အနက် ၁၀၂ ဦး(၇၀  ရာခိုင်နှုန်း)မှာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာရောဂါ  စသည့်နာတာရှည်ရောဂါ အခံ တစ်ခုခုရှိသူများ ဖြစ်ကြသည်။   အဆိုပါ ကိုဗစ်-၁၉ ရောဂါကြောင့်  သေဆုံးသည့် နာတာရှည်ရောဂါ အခံရှိသူများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ထားရှိမှု အခြေအနေများကို   ဆန်းစစ်ချက်အရ သေဆုံးသူများ၏ ၈၁ ဒသမ ၄ ရာခိုင်နှုန်းမှာ  ကာကွယ်ဆေးလုံးဝ ထိုးနှံထားခြင်း မရှိသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားခြင်း မရှိသူများဖြစ်ကြပြီး   ၁၇ ဒသမ ၂ ရာခိုင်နှုန်းမှာ  ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားရှိသူများနှင့်  ၁ ဒသမ ၄ ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားသူများဖြစ်ကြောင်း   တွေ့ရှိရသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးရသူ နာတာရှည်ရောဂါအခံ ရှိသူများ၏ မိသားစု ဝင်များထံမှ သိရှိချက်အရ အဆိုပါ သေဆုံးရသူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံမှုကို  ခံယူမှုမရရှိခဲ့ခြင်း၏ အဓိက အကြောင်းရင်းများမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းဖြင့် မိမိတွင်ရှိနေသည့် နာတာရှည်ရောဂါ အခံသည် ပိုမိုဆိုးရွားလာမည် ဟူသည့် လွဲမှားသော အယူအဆကြောင့် စိုးရိမ်စိတ်ဖြစ်ပေါ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို လာရောက်မခံယူခြင်း၊ အသက်အရွယ် ကြီးရင့်မှုနှင့် နာတာရှည်ရောဂါ အခံကြောင့် ကာကွယ်ဆေးထိုး စုရပ်များသို့ သွားရောက်ရန် အခက်အခဲရှိခြင်း တို့ကြောင့်ဖြစ်သည် ဟု သိရှိရသည်။

သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက အသက်အန္တရာယ် ဆုံးရှုံးနိုင်ခြေ ပိုမိုများပြားသည့် ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ ကင်ဆာ ရောဂါစသည့် နာတာရှည်ရောဂါအခံ တစ်ခုခု ရှိသူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို မပျက်မကွက်ခံယူကြပါရန်နှင့်  ၎င်းတို့၏ မိသားစုဝင်များ၊ မိတ်ဆွေများမှလည်း အဆိုပါနာတာရှည် ရောဂါအခံတစ်ခုခု ရှိသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့်ထိုးနှံမှု ခံယူရေးနှင့် ထပ်ဆောင်း ကာကွယ်ဆေးများကို မပျက်မကွက် ထိုးနှံမှုခံယူနိုင်ရေး အတွက် နီးစပ်ရာ ကာကွယ် ဆေးထိုးစုရပ်များ၊ ကျန်းမာရေးဌာနများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများနှင့် မပျက်မကွက် ဆက်သွယ်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေး ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။