ကမ္ဘာပေါ်က ရှေးအကျဆုံးမြို့များ(၁)

လူသားမျိုးနွယ်စုဟာ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာကတည်းက မြို့ပြတွေကိုထူထောင်ပြီး ယနေ့အချိန်အထိ အစဉ်အဆက် နေထိုင်ခဲ့ကြပါတယ်။ တချို့ကတော့ မြို့ပျက်များအဖြစ်သာ ကျန်ရှိတော့ပြီး တချို့ကျတော့လည်း အခုထိကို လူနေထိုင်မှုတွေ ရှိနေဆဲပါပဲ။

ရှေးဟောင်းသုတေသီတွေဟာလည်း မြို့ဟောင်းတွေကနေ လက်မှုပစ္စည်းတွေ၊ အသုံးအဆောင်ပစ္စည်းတွေကို ရှာဖွေတွေ့ရှိလေ့ရှိပြီး တွေ့ရှိတဲ့ အရာတွေကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် အဲဒီမြို့ရဲ့သက်တမ်းကို တွက်ချက်ကြပါတယ်။

တကယ်တမ်းတော့ အဲဒီမြို့တွေရဲ့သက်တမ်းအမှန်ကို ဘယ်သူမှမသိကြပါဘူး။ ပညာရှင်တွေရဲ့ ခန့်မှန်းချက် ဆိုတာကလည်း အဲဒီမြို့တွေမှာ လူတွေစတင် နေထိုင်နိုင်ဖွယ်ရှိတဲ့ အချိန်ကို မှန်းဆကြတာပါ။

ဒါပေမဲ့ အဲဒီလိုမှန်းဆ တွက်ချက်နိုင်ခြင်းကပဲ လူ့သမိုင်းကြောင်းကို သိရှိစေဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေပါတယ်။

ဒီတစ်ပတ်အတွက် ကမ္ဘာ့မှတ်စုဆိုတဲ့ ကဏ္ဍမှာတော့ ယနေ့ထိတိုင် လူနေထိုင်မှုရှိတဲ့ ကမ္ဘာ့ရှေးအကျဆုံးမြို့များ အကြောင်းကို တင်ဆက်သွားပါမယ်။

 

ဂျယ်ရီကို (ဘီစီ ၅၀၀၀)

 

ဂျယ်ရီကိုမြို့ဆိုတာ အရှေ့အလယ်ပိုင်းဒေသရဲ့ အနောက်ဘက်ကမ်းခြေမှာ တည်ရှိတဲ့မြို့ပါ။ သူ့ရဲ့သက်တမ်း အမှန်ကိုတော့ ဘယ်သူမှ အတိအကျမသိပါဘူး။ ဒါပေမဲ့လည်း စဉ်ဆက်မပြတ် လူနေထိုင်မှုရှိတဲ့ ကမ္ဘာ့ရှေးအကျဆုံး မြို့ဆိုတာကတော့ သေချာပါတယ်။

ဂျယ်ရီကိုမြို့ရဲ့အစက ခရစ်နှစ်မတိုင်မီ နှစ်ပေါင်း ၁၀၀၀၀ လောက်တုန်းကဖြစ်ပြီး နာတူဖီယန်မျိုးနွယ်စုတွေ အမဲလိုက်ဖို့အတွက် စုဝေးစခန်းချရာနေရာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ရှေးဟောင်းသုတေသီတွေရဲ့ နောက်ထပ်တူးဖော်လေ့လာမှုတွေအရ လူတွေဟာ ဘီစီ ၁၂၀၀၀ လောက်ကတည်းက အဲဒီနေရာတွေမှာ စတင်နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားကို တွေ့ရပါတယ်။

သို့သော် ဘီစီ ၉၆၀၀ မတိုင်မီအထိ ဂျယ်ရီကိုမြို့မှာ အတည်တကျ အခြေချနေထိုင်မှုမျိုးကိုတော့ မတွေ့ရပါဘူး။ ဘီစီ ၈၀၀၀ လောက်အရောက်မှာတော့ အဲဒီနေရာဟာ စတုရန်းပေ ၄၃၀၀၀၀ အထိကျယ်ပြန့်လာပြီး ကျောက်တံတိုင်းတစ်ခုနဲ့ မျှော်စင်တစ်ခုတို့ကို တည်ဆောက်လာတာတွေ့ရပါတယ်။ အဲဒီကျောက်တံတိုင်းကိုတော့ ယနေ့အချိန်အထိ တည်ရှိနေဆဲဖြစ်တဲ့ အစောဆုံးကျောက်တံတိုင်းလို့ ဆိုနိုင်ပါတယ်။

ဒီတံတိုင်းကို အသုံးပြုတာက ရေလွှမ်းမိုးမှုကနေ ကာကွယ်ဖို့ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆကြပါတယ်။ မျှော်စင်ကိုတော့ ကင်းမျှော်စင်အဖြစ်သာမက ပွဲလမ်းသဘင်တွေအတွက်လည်း အသုံးပြုဖွယ်ရှိပါတယ်။

သုတေသီတွေဟာ ဂျယ်ရီကိုမြို့မှာ မတူညီတဲ့အခြေချနေထိုင်မှုပုံစံအခြေအနေစုစုပေါင်း ၂၀ ကို ရှာဖွေတွေ့ရှိကြပါတယ်။ ဒါကြောင့် ဒီမြို့ဟာပျက်စီးဖူးပြီး တစ်ကြိမ်ထက်မက ပြန်လည်တည်ဆောက်ထားတယ် ဆိုတာကို တွေ့ရပါတယ်။

ဒါ့အပြင် ဘီစီ ၆၀၀၀ နဲ့ ၅၀၀၀ ကြားမှာ အနည်းဆုံး တစ်ကြိမ်တော့ လုံးဝပျက်စီးဖူးပြီး ဘီစီ ၄၀၀၀ ဝန်းကျင်ရဲ့ နောက်ပိုင်းမှာတော့ လူနေပြန်လည် ထူထပ်လာပါတယ်။

အရင်တုန်းက အဲဒီမြို့ကို အာရပ်တွေနဲ့အော်တိုမန်တွေ အုပ်ချုပ်တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဗြိတိသျှတွေရဲ့ ဆောင်းရာသီအပန်းဖြေစခန်း ဖြစ်လာတာပါ။ လက်ရှိအချိန်မှာတော့ ပါလက်စတိုင်းနယ်မြေထဲမှာပါဝင်တဲ့အတွက် ပါလက်စတိုင်းတို့ကပဲ အုပ်ချုပ်လျက်ရှိပါတယ်။

 

အားဂေါ့ (ဘီစီ ၅၀၀၀)

 

ဂရိနိုင်ငံမှာရှိတဲ့ အားဂေါ့မြို့ဟာလည်း ကမ္ဘာ့ရှေးအကျဆုံးမြို့တစ်မြို့ ဖြစ်ပါတယ်။ အဲဒီမြို့မှာတော့ ဘီစီ ၅၀၀၀ လောက်ကနေစပြီး ယခုအချိန်အထိ လူနေထိုင်မှုရှိဆဲပါပဲ။

ဖယ်လိုပနိ(စ်)ကျွန်းဆွယ်ရဲ့ တောင်နှစ်လုံးကြားမှာ တည်ရှိတဲ့ အားဂေါ့မြို့ရဲ့နာမည်က ဇုနတ်ဘုရားနဲ့ နိုင်ယိုဘီတို့ရဲ့သား အားဂတ်ကနေဆင်းသက်လာတာပါ။ ဖယ်လိုပနိ(စ်)ကျွန်းဆွယ်ဆိုတာ ဂရိခေတ်ရဲ့တိုက်ခိုက်ရေးမှာ အလွန်တရာ ထူးချွန်တယ်လို့ ဆိုကြတဲ့ စပါတာမျိုးနွယ်စုတွေနေထိုင်ရာနေရာ ဖြစ်ပါတယ်။

ဂရိဒဏ္ဍာရီမှာတော့ အားဂတ်ဟာ အားဂေါ့မြို့ရဲ့ဘုရင်အဖြစ် ထီးနန်းစိုးစံခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဂရိသူရဲကောင်း ဒီယိုမီးဒီးလက်အောက်မှာ အမှုထမ်းပြီး နာမည်ကျော်ထရိုဂျန် တိုက်ပွဲမှာပါဝင်ခဲ့တဲ့ စစ်သည်အများအပြားရဲ့ မွေးရပ်မြေ ဟာလည်း အားဂေါ့မြို့ပါပဲ။

အားဂေါ့မြို့ဟာ ဂရိအင်ပါယာရဲ့ယဉ်ကျေးမှုထွန်းကားရာ နေရာတစ်ခုလည်းဖြစ်ပြီး စပါတာနဲ့ ပါရိုမျိုးနွယ်စုတို့ရဲ့ တေးဂီတပြိုင်ပွဲများ ကျင်းပရာမြို့တစ်မြို့အဖြစ် ပါဝင်ပါတယ်။

ဂရိလက်ထက်သာမက ရောမအင်ပါယာ လက်ထက်တစ်လျှောက် အဓိကမြို့ကြီးတစ်မြို့အဖြစ် အထင်ကရ နေရာကနေ ပါဝင်ခဲ့တဲ့ အားဂေါ့မြို့ဟာ ခရစ်နှစ် ၃၉၆ ခုနှစ်မှာတော့ ရှေးခေတ်ဂျာမန်လူမျိုးတွေရဲ့ လက်ချက်ကြောင့် မြို့ပျက်ဘဝကို ရောက်ရှိသွားရပါတယ်။

ယနေ့အချိန်မှာတော့ အဲဒီမြို့ကိုသွားရောက်တဲ့ ခရီးသွားတွေဟာ ဂရိပြဇာတ်ရုံများနဲ့ ရောမခေတ်ရေကူးကန်များကို ငေးမောကြည့်ရှုရဦးမှာ ဖြစ်ပါတယ်။

 

ဘိုင်ဘလော့(ဘီစီ ၅၀၀၀)

 

ယနေ့ခေတ်မှာတော့ ဂျဘေးမြို့လို့ လူသိများတဲ့ ဘိုင်ဘလော့မြို့ဟာ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ကနေ ၂၅ မိုင်ခန့်အကွာမှာရှိတဲ့ ပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်ပါတယ်။

ဘိုင်ဘလော့မြို့မှာ လူနေထိုင်မှုက ဘီစီ ၇၀၀၀ ခန့်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ဘီစီ ၄၀၀၀ အရောက်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် အခြေချနေထိုင်မှုတွေ ရှိလာပါတယ်။

အဲဒီနောက် နှစ်ပေါင်း ၁၀၀၀ ကျော်အကြာမှာ ဘိုင်ဘလော့မြို့မှာ လူနေထူထပ်များပြားပြီး စည်ပင်ဝပြောလာခဲ့တာဖြစ်ပါတယ်။ ဘိုင်ဘလော့ဆိုတာ ဂရိဘာသာစကားဖြစ်ပြီး ဂရိဒဏ္ဍာရီမှာတော့ အချိန်နတ်ဘုရားဖြစ်တဲ့ ခရိုးနက်က ဖီနီကီနိုင်ငံ (ယနေ့လက်ဘနွန်နိုင်ငံ)ရဲ့ ပထမဆုံးမြို့အဖြစ် ဘိုင်ဘလော့ကို တည်ထောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အီဂျစ်နိုင်ငံနဲ့ကုန်သွယ်ဖက် ဖြစ်တဲ့အပြင် မြေထဲပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာ တည်ရှိတဲ့ ဘိုင်ဘလော့မြို့ဟာ အချိန်တိုအတွင်းမှာပဲ ပင်မကုန်သွယ်မှုနယ်မြေကြီး ဖြစ်လာတာပါ။ အထူးသဖြင့် သစ်ကတိုးနဲ့ တခြား အဖိုးတန်သစ်တွေကို ကုန်သွယ်တာ ဖြစ်ပါတယ်။

ယနေ့ခေတ်  ဟီဘရူးဘာသာစကားရဲ့ ဘိုးအေဖြစ်တဲ့  ဖိုနီးရှန်းအက္ခရာ တိုးတက်မှုအတွက် အရေးပါတဲ့ ဘိုင်ဘလော့မြို့ဟာ  ၁၉၈၄ ခုနှစ်မှာတော့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာပါတယ်။

နွေဦး