ပရီးမီးယားလိဂ်ကလပ်အသင်းနှစ်သင်း၏ ကမ်းလှမ်းမှုကိုငြင်းပယ်ပြီး အင်္ဂလန်အသင်းကို နည်းပြရန် တူချယ်လ်ပြင်ဆင်နေ

ပရီးမီးယားလိဂ်ကလပ်အသင်းနှစ်သင်း၏ ကမ်းလှမ်းမှုကိုငြင်းပယ်ပြီး အင်္ဂလန်အသင်းကို နည်းပြရန် တူချယ်လ်ပြင်ဆင်နေ

ချယ်လ်ဆီးအသင်းနည်းပြဟောင်း တူချယ်လ်သည် ပရီးမီးယားလိဂ်ကလပ်အသင်းနှစ်သင်းက တရားဝင်  ကမ်းလှမ်းမှုများပြုလုပ်ခဲ့သော်လည်း ငြင်းပယ်ခဲ့ပြီး အင်္ဂလန်အသင်းကိုနည်းပြရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

အသက် ၄၉ နှစ်အရွယ် နည်းပြတူချယ်လ်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ချယ်လ်ဆီးအသင်းနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ပြီး အသင်းအတွက် ချန်ပီယံလိဂ်ဖလား၊ ဥရောပစူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုတို့ကို ဆွတ်ခူးပေးနိုင်ခဲ့သော်လည်း

ယခုဘောလုံးရာသီတွင်     အသင်းပိုင်ရှင်အပြောင်းအလဲ ဖြစ်လာခဲ့မှုနှင့်အတူ စက်တင်ဘာ ၆ ရက်ကဒိုင်နမိုဇာဂရက် အသင်းကို ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အပြီးတွင် အသင်းနည်းပြအဖြစ်မှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် ကလပ် အသင်းလက်မဲ့ဖြစ်နေသည့်   နည်းပြတူချယ်လ်ကို အစောပိုင်းကတည်းက  ကလပ်အသင်းအများစုက အလိုရှိနေပြီး ပြီးခဲ့သည့် ရက်ပိုင်းကလည်း အမည်ဖော်ပြခြင်းမရှိသည့် ပရီးမီးယားလိဂ်ကလပ်အသင်းနှစ်သင်းက နည်းပြသစ်အဖြစ်ခန့်အပ်ရန် ကမ်းလှမ်းခဲ့သော်လည်း  နည်းပြတူချယ်လ်က  ငြင်းပယ်ခဲ့ပြီး အင်္ဂလန်အသင်းနည်းပြအဖြစ်သာ   တာဝန်ထမ်းဆောင်လိုနေခြင်း ဖြစ်သည်။

လက်ရှိတွင် အင်္ဂလန်အသင်းသည်လည်း ပြိုင်ပွဲစုံ နောက်ဆုံးကစားသည့်  ခြောက်ပွဲဆက်  နိုင်ပွဲပျောက်ဆုံးခဲ့ပြီးနောက် ယခုဘောလုံးရာသီ ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲတွင်လည်း အောင်မြင်မှုမရခဲ့၍ အသင်းပရိသတ်များက လက်ရှိနည်းပြဆောက်ဂိတ်ကို ထုတ်ပယ်ပေးရန် တောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။

အင်္ဂလန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က  လက်ရှိတွင် နည်းပြအပြောင်းအလဲပြုလုပ်ရန်မရှိသေးသော်လည်း လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်     အင်္ဂလန်အသင်း ရလဒ်များဆိုးရွားပါက နည်းပြအပြောင်းအလဲ ပြုလုပ်ဖွယ်ရှိကြောင်း သိရသည်။       

Ref:Dailymail