စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ၃၉၆၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ၃၉၆၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော်  အောက်တိုဘာ  ၁၆

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့်   ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများ အရ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်မှ အောက်တိုဘာ ၂၄ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၃၉၆၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ထားသည်။

ထို့ပြင်  ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့်  သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး  ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း   အသိပေး ထုတ်ပြန်ထားသည်။

အဆိုပါ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာ ဦးစီးဌာန ၏ Website: www.doca.gov.mm ၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း သိရသည်။