(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်မှုများ အောင်မြင်စွာပြီးစီး

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်မှုများ အောင်မြင်စွာပြီးစီး

နေပြည်တော် အောက်တိုဘာ  ၁၆

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟိုအဆင့်) ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ   နေပြည်တော်ရှိ သတ်မှတ်နေရာ အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။

ယနေ့တွင် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်း အဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) Signing Room ၌ ကျင်းပရာ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များ“တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” သီချင်းဖြင့် လည်းကောင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ပြန်လည်ထူထောင်ရေး” သီချင်းဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “မဟာဗန္ဓုလ”သီချင်းဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသမီး ပြိုင်ပွဲတွင်  ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ကောင်းစားတော့မည်}” သီချင်းဖြင့် လည်းကောင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှ ပြိုင်ပွဲဝင်များက “တပင်ရွှေထီး”သီချင်းဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှပြိုင်ပွဲဝင် များက “လှေပွဲ” သီချင်းဖြင့် လည်းကောင်း ယှဉ်ပြိုင်ကြသည်။

မြန်မာအကအခြေခံ ကဗျာလွတ်အက (ပထမအဆင့်)ပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Plenary Hall ü u ၌ ကျင်းပရာ အခြေခံပညာ အဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ  မယမင်းအောင်နှင့် အဖွဲ့၊ ရန်ကုန်တိုင်းဒေသ ကြီးမှ မမှူးသက်သခင်နှင့်အဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီးမှ မလှိုင်းသဇင်နှင့်အဖွဲ့၊ ပဲခူးတိုင်းဒေသကြီးမှ မမေသူသူကျော်နှင့် အဖွဲ့၊ မန္တလေးတိုင်းဒေသကြီးမှ မပြည့်ပြည့်ဝင်းနှင့်အဖွဲ့၊ ကယားပြည်နယ်မှ မမိုးထက်နေခြည်နှင့်အဖွဲ့၊ မကွေးတိုင်းဒေသကြီးမှ မအိမ့်ကြိုးကြာနှင့်အဖွဲ့၊ ရှမ်းပြည်နယ်မှ မဝိုင်းချစ်ထွေးနှင့်အဖွဲ့၊ ဧရာဝတီတိုင်း ဒေသကြီးမှ မသီရိတင်နှင့်အဖွဲ့၊ မွန်ပြည်နယ်မှ မရတနာဝင်းထွဋ်နှင့်အဖွဲ့၊ ကချင်ပြည်နယ်မှ မထူးအိမ့်ကျော်နှင အဖွဲ့၊ ကရင်ပြည်နယ်မှ မနန်းသဇင်အေးနှင့် အဖွဲ့နှင့် ရခိုင်ပြည်နယ်မှ မချိုဇင်ဝင်းနှင့်အဖွဲ့တို့က အခြေခံကဗျာလွတ် ကကြိုးကကွက်များကို အဖွဲ့လိုက် ညီညာလှပ ကျွမ်းကျင်ပိုင်နိုင်စွာ ကပြယှဉ်ပြိုင်ကြသည်။

မွန်တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန(၂) Plenary Hall  ၌ ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် အကအဖွဲ့များကို မွန်တိုင်းရင်းသား ရိုးရာ ကကြိုး၊ ကဟန်များ သင်ကြားပေးခဲ့သည့် မွန်ပြည်နယ်၊ မိတင်ချိုအေး အကအဖွဲ့မှ အကဆရာမများက မွန်အက၊ မွန်ဟန်ကကွက်များကို စံပြအကအနေဖြင့် ကပြကြသည်။ ထို့နောက် မွန်တိုင်းရင်းသားရိုးရာ အက အလွတ်တန်းပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကယားပြည်နယ်မှ ဒေါ်စုလတ်ထွန်းနှင့် အဖွဲ့၊ မန္တလေးတိုင်း ဒေသကြီးမှ မခိုင်ဇင်သက် နှင့်အဖွဲ့၊ ကရင်ပြည်နယ်မှ မိအေးဆုပန်နှင့်အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးမှ ဒေါ်သိမ့်နန္ဒာထက်နှင့်အဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီးမှ မသိုက်ထောနှင့်အဖွဲ့၊ ပဲခူးတိုင်းဒေသကြီးမှ မသင်းမာထွေးနှင့်အဖွဲ့၊ စစ်ကိုင်းတိုင်းဒေသ ကြီးမှ မပန်းနံ့သာနှင့်အဖွဲ့၊ မကွေးတိုင်း ဒေသကြီးမှ မသီရိဇော်နှင့် အဖွဲ့၊ ချင်းပြည်နယ်မှ မနန်းမူခန့်(ခ) နဲနဲလိုနှင့်အဖွဲ့၊ ရှမ်းပြည်နယ်မှ မနန်းသူဇာလွင်နှင့်အဖွဲ့၊ ရခိုင်ပြည်နယ်မှ မခင်မိုးစန်းနှင့်အဖွဲ့၊ ကချင်ပြည်နယ်မှ ဒေါ်အေးအေးငြိမ်းနှင့် အဖွဲ့နှင့် ဧရာဝတီတိုင်း ဒေသကြီးမှ မနန့်အိမြတ်ထက်နှင့် အဖွဲ့တို့က မွန်ပြည်နယ်၏ သဘာဝ အလှတရားများ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ဖော်ကျူးထားသည့် “ဟင်္သာတို့ရဲ့ပျော်ရာမြေ”သီချင်းနောက်ခံဖြင့် လှပကြော့ရှင်းသည့် မွန်တိုင်းရင်းသားရိုးရာ ကကြိုး၊ ကကွက်များကို မွန်အလှ၊ မွန်ဟန်တို့နှင့် ပေါင်းစပ်ကာ ကပြယှဉ်ပြိုင်ကြသည်။

ရုပ်စုံသဘင် အဖွဲ့လိုက်ပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှု ရတနာခန်းမ၌ကျင်းပရာ “ငါးပါဒအက္ခရာ”ဇာတ်တော်ကြီး ရုပ်စုံသဘင် အဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း)ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု မိုးပြည့်မြင့်မိုရ်ရုပ်စုံသဘင်အဖွဲ့က မြန်မာ့ရိုးရာယဉ် ကျေးမှုအမွေအနှစ်များကို ဖော်ကျူးသည့် အကအလှများ၊ စကားပြောများဖြင့် တင်ဆက် ကပြယှဉ်ပြိုင်ကြသည်။

ဇာတ်တော်ကြီးပြိုင်ပွဲကို  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေး ဇာတ်ရုံ၌ကျင်းပရာ”ရာမာယဏ”ဇာတ်တော်ကြီး ဝါသနာရှင်အဆင့် (ပထမတန်း)ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု မန်းရာမဇာတ်တော်ကြီးအဖွဲ့က မူရင်းရာမာယဏ ဇာတ်တော်ကြီး၏ တီးလုံးတီးချက်များကို  မြန်မာ့ဇာတ်သဘင်၏ ဆို ငို ပြော ပညာရပ်များ၊  အကအလှများနှင့် အနုပညာ ရသမြောက်ပေါင်းစပ်ပြီး ယှဉ်ပြိုင်ကြသည်။

အရေးပြိုင်ပွဲကို  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ (ယဉ်ကျေးမှု ရတနာခန်းမ)၌ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း)ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ထိန်းသိမ်းစို့လေ ရိုးရာအမွေ” ခေါင်းစဉ်ဖြင့် ဂီတရသ စုံလင်စွာ ဖော်ကျူး တေးဖွဲ့ယှဉ်ပြိုင်ကြသည်။

ဂီတာပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) News Briefing Room ၌ ကျင်းပရာ ဝါသနာရှင် အဆင့်(ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က“မှိုင်းမှိုင်းမြ”(သီချင်းခံ) ဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ဧရာဝတီတိုင်း ဒေသကြီးမှ ပြိုင်ပွဲဝင်က “တောမြိုင်စွန်းကလွမ်းအောင်ဖန်”(ယိုးဒယား) ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “မြမြမောင်းမောင်း”(ပတ်ပျိုး) ဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “မှန်ရဝေ”(ပတ်ပျိုး) ဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသား ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “မြိုင်ကြီးဟေမာ”(ယိုးဒယား) ဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “တောနှင့်တောင်စွယ်”(ယိုးဒယား)ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “စန္ဒကိန္နရီ”(ကာလပေါ်) ဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “စန္ဒကိန္နရီ”(ကာလပေါ်) ဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ပွင့်ဦး” (ကာလပေါ်) ဖြင့် လည်းကောင်း၊  အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ကျွန်းကျွန်းပိုင်သ” (ကြိုး)ဖြင့် လည်းကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်။

နှဲပြိုင်ပွဲကို အမျိုးသားပြတိုက် (နေပြည်တော်)ရှိ Mini Theatre ၌ ကျင်းပရာ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ  ပြိုင်ပွဲဝင်က “ကျွန်းကျွန်းပိုင်သ”(ကြိုး)ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ဂန္ဓမာရိပ်သာ”(ပတ်ပျိုး) ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ချင်းပြည်နယ်မှ ပြိုင်ပွဲဝင်က “ညို့ညို့ ဆိုင်းဆိုင်း”(ပတ်ပျိုး) ဖြင့် လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ကြံကြံဖန်ဖန်”(ယိုးဒယား)ဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသား ပြိုင်ပွဲတွင် ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက “မှန်ရဝေ”(ပတ်ပျိုး) ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ဟေမဝန်ချာ” (ဘွဲ့)ဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “လေပြည်ဆော်သွင်းမြူး” (ယိုးဒယား) ဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ရွှန်းရွှန်းမြ”(သီချင်းခံ)ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ယမုန်နာ”(ပတ်ပျိုး) ဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် ( အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “စိမ်းလဲ့လဲ့ညိုပြာ”(ကြိုး) ဖြင့် လည်းကောင်း တီးမှုတ်ယှဉ်ပြိုင်ကြသည်။

ကွက်စိပ်ပြိုင်ပွဲကို အမျိုးသား စာကြည့်တိုက်(နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မဟော်သဓာဇာတ်တော်ကြီး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)အမျိုးသား ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ကေဒါရကျေးမင်း ဇာတ်တော်ကြီး” ခေါင်းစဉ် ဖြင့်လည်းကောင်း ဇာတ်တော်ကြီး၏ အနှစ်သာရနှင့်  ဦးတည်ချက် ပေါ်လွင်အောင် နှုတ်မှုစွမ်းရည် ပြသဟောပြော ယှဉ်ပြိုင်ကြသည်။

ယနေ့ပြိုင်ပွဲများ  ကျင်းပရာနေရာ အသီးသီးသို့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ လူမှုရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

၅ နှစ်ကျော်ကာလကြာမြင့်ပြီးမှ ခမ်းနားသိုက်မြိုက်စွာ နိုင်ငံတော်အဆင့် ပြန်လည် ကျင်းပနိုင်သည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်မှုသည် ယနေ့တွင်အောင်မြင်စွာ ပြီးဆုံးပြီဖြစ်ကြောင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား၊ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာ စားပွဲတို့ကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ ဆက်လက် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။