ဆန်စပါးဝယ်လိုအား များနေပြီး လက်ငင်း ငွေပေးချေနိုင်သဖြင့် ထုတ်လုပ်တင်ပို့မှုများ ပိုမိုအဆင်ပြေ

ဆန်စပါးဝယ်လိုအား များနေပြီး လက်ငင်း ငွေပေးချေနိုင်သဖြင့် ထုတ်လုပ်တင်ပို့မှုများ ပိုမိုအဆင်ပြေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့မှုများရှိပြီး ဆန်ဝယ်လိုအား များနေသော်လည်း ဆန်စပါးဝယ်ယူရာတွင်   လက်ငင်းငွေ ပေးချေနိုင်သည့်အတွက် စပါးစိုက်တောင်သူများ၊ ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များ၊ ပြည်ပတင်ပို့ရောင်းချသူများ   အဆင်ပြေ အကျိုးဖြစ်ထွန်းလျက်ရှိပြီး   နိုင်ငံတော်မှလည်း ပြည်ပသို့တင်ပို့သည့်   ဆန်များကို အရည်အသွေး ထိန်းချုပ်နိုင်သည့်အပြင်၊ ဘဏ်နှင့်ချိတ်ဆက်မှုများ   ပိုမိုအဆင်ပြေ ကောင်းမွန်လာသည့်အတွက် ယခုနှစ်တွင် အရင်နှစ်များထက် ထုတ်လုပ်တင်ပို့မှုများ ပိုမိုအဆင်ပြေကြောင်း ဆန်စပါး ကုန်စည်ဒိုင် (ဘုရင့်နောင်)မှသိရသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့မှုများလာတယ်။ ဒီအတွက်ကြောင့် ဆန်ဝယ်လိုအား ပိုမိုများပြားလာတယ်။ အဓိကကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မနောသုခ၊ ရတနာဖြိုး  စသည့် ဆန်တွေကို တင်ပို့နေတာပါ။

ပြည်တွင်းစားသုံးမှုကိုတော့ မထိခိုက်ပါဘူး။ ကုမ္ပဏီ ၃၀ ကျော်လောက်ထိကို တင်ပို့ခွင့် ပြုထားတဲ့အတွက်  ဝယ်လိုအားများလာတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက    အရည်အသွေးပိုင်းကို ထိန်းချုပ်နိုင်သလို   ဘဏ်နဲ့ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်တဲ့အတွက်    ကာလတိုငွေချေးယူ ခွင့်ရတယ်။   ဈေးကွက်မှာလည်း ငွေလက်ငင်းစနစ်နဲ့  ဝယ်ယူလာနိုင်တယ်။

ဒီနှစ်ကတော့ ဈေးကောင်းရရှိပြီး အဆင်ပြေတဲ့နှစ်လို့ ပြောလို့ရပါတယ်။ စပါးဈေးကွက်မှာ  စပါးအစိုဈေးနှုန်း ကတ္တားချိန် ၅၂ ပေါင်ကို   ငွေကျပ် ၁၀ သိန်းဝန်းကျင်နဲ့ စပါးအခြောက်ဈေးနှုန်း ကတ္တားချိန် ၄၆ ပေါင်ကို ငွေကျပ် ၁၂ သိန်းဝန်းကျင်ရှိနေပြီး ဝယ်လိုအားများနေတဲ့ အတွက် ယခုနှစ် နွေစပါးကိုလည်း  အင်တိုက်အားတိုက် စိုက်ပျိုးမှုများ ရှိလာနိုင်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်း ဆန်စပါး ကုန်စည်ဒိုင်(ဘုရင့်နောင်)မှ အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။

ဘုရင့်နောင်ကုန်စည်ဝင်းသို့ မနောသုခ၊ ရတနာဖြိုး  စသည့်ဆန်များ အများဆုံး ဝင်ရောက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီးတို့မှ ဆန်များ ဝင်ရောက်လျက်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် ဆန်၏ သုံးပုံတစ်ပုံသာ ဘုရင့်နောင် ကုန်စည်ဝင်းသို့ဝင်ရောက်ပြီး နှစ်ပုံခန့်သည်   ပုသိမ်မြို့မှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သင်္ဘောဖြင့် တိုက်ရိုက်တင်ပို့လျက်ရှိသည်။ ဘုရင့်နောင် ကုန်စည်ဝင်းသို့ နေ့စဉ် ဆန်အိတ်ပေါင်း တစ်သိန်းဝန်းကျင်ခန့်  ပုံမှန်ဝင်ရောက်လျက်ရှိရာ ဝင်ရောက်လာသည့်  ဆန်များကို ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်နိုင်ငံသို့ အများဆုံး  တင်ပို့နေကြောင်း သိရသည်။