ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၇၇ ဦးတွေ့ရှိ၊ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ တစ်ဦးရှိ

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၇၇ ဦးတွေ့ရှိ၊ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ တစ်ဦးရှိ

    ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိသည်။

 ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၁၈-၁၀-၂၀၂၂ ရက်   ည ၈ နာရီမှ ၁၉-၁၀-၂၀၂၂ ရက်   ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃၂၆၃ ခု အား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၇၇ ဦး တွေ့ရှိရသဖြင့်  ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ  ၂ ဒသမ ၀၉  ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၉၂၈၈၈၃၀ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၂၉၆၅၃ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၂၄၆ ဦးရှိသဖြင့်    ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ  စုစုပေါင်း ၆၀၃၂၆၀ ဦး ရှိပြီဖြစ်သည်။   ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ တစ်ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၄၇၂ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည် အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၁၈-၁၀-၂၀၂၂ ရက်အထိ အသက် ၁၈ နှစ် နှင့်အထက် လူဦးရေ စုစုပေါင်း ၃၀၆၆၄၉၅၅ ဦးနှင့် အသက် ၁၈ နှစ်အောက် လူဦးရေစုစု ပေါင်း ၆၆၆၅၄၇၅ ဦးတို့အား ထိုးနှံထားရှိပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၈-၁-၂၀၂၂ ရက်မှ ၁၅-၁၀-၂၀၂၂ ရက်အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများနှင့် သေဆုံးသူများ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ် ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူစုစု ပေါင်း၏ ၉၀ ဒသမ ၄ ရာခိုင်နှုန်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း၏ ၈၀ ဒသမ ၉ ရာခိုင်နှုန်းတို့မှာ ကာကွယ် ဆေးလုံးဝ ထိုးနှံထားခြင်း မရှိသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားခြင်း မရှိသူများ ဖြစ်ကြောင်း  တွေ့ရှိရသည်။

နိုင်ငံတကာ သုတေသန တွေ့ရှိချက်များ အရလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံထားသူများတွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံရမှုနှင့် သေဆုံး မှုတို့ကိုလျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ် ဆေးထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချနိုင်ကြောင်းကို  တွေ့ရှိရသည်။

သို့ဖြစ်ရာ အသက် ၅ နှစ်နှင့်အထက် ပြည်သူ များသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အား  မဖြစ်မနေ ထိုးနှံထားရှိရန် လိုအပ်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၅ နှစ်နှင့်အထက် ပြည်သူများအားလုံးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအခမဲ့ ထိုးနှံပေးလျက်ရှိသည့်အပြင် အသက် ၁၂ နှစ် မှ ၁၈ နှစ်အတွင်း ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှု ကာလခြောက်လနှင့် အထက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် အသက် ၁၈ နှစ်နှင့် အထက်ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊  ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့်ဆက်သွယ်၍  ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် ခံယူကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။