ရန်ကုန်မြို့၌ ပထမဆုံး ရေပေါ်ညဈေး ဖွင့်လှစ်မည်

ရန်ကုန်မြို့၌ ပထမဆုံး ရေပေါ်ညဈေး ဖွင့်လှစ်မည်

ရန်ကုန် အောက်တိုဘာ ၁၉

ရန်ကုန်မြို့၌  ပထမဆုံး ဖွင့်လှစ်မည့် ရေပေါ်ညဈေးကို ဗိုလ်တထောင်ဘုရားအနီး ဆိပ်ခံတံတားအမှတ် (၅) Love Boat Bridge  ၌ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီရေပေါ်ဈေးက ရန်ကုန်မြို့ရဲ့ ပထမဆုံးသော ရေပေါ်ဈေးပဲဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့   ရိုးရာအစားအစာတွေ ဖော်ထုတ်ချင်တဲ့ဆန္ဒရယ်၊ နောက်ကျွန်တော်တို့ ရန်ကုန်မြစ်ရဲ့ အလှအပတွေကိုလည်း အများပြည်သူတွေလေ့လာလို့ ရအောင် ရည်ရွယ်ပြီးတော့ ဒီပွဲလေးကို လုပ်တာဖြစ်ပါတယ်။ အဲဒီဈေးပွဲတော်ရက်ကျရင် အင်းလေးလို လှေဈေးတွေရော၊ ရိုးရိုးလှေတွေနဲ့ရော ပါဝင်ပြသမှာဖြစ်ပါတယ်”ဟု  တော်ဝင်ချမ်းသာ ကုမ္ပဏီမှ  တာဝန်ရှိသူ တစ်ဦးကပြောသည်။

အဆိုပါရေပေါ်ဈေးတွင် ၅ ပေကျယ်ဝန်းသည့် ဆိုင်ခန်း ၃၀ ပါဝင်ပြသ ရောင်းချကြမည်ဖြစ်ပြီး   ဆိုင်ခန်းခမှာ အခမဲ့ဖြစ်ကြောင်း၊ အစားအသောက်များ တည်ခင်းရောင်းချနိုင်မည့် လှည်းပုံစံထုတ်ပေးမည်ဖြစ်ပြီး လှည်းရဲ့နေရာထားခအား တစ်ရက်လျှင် ငွေကျပ်သုံးသောင်း ကောက်ခံမည်ဖြစ်ကြောင်း၊ ရေ၊ မီးနှင့် စားသုံးသူများအတွက် နေရာထိုင်ခင်းတို့အား ကုမ္ပဏီမှ စီစဉ်ပေးမည်ဖြစ်ကြောင်းနှင့် မည်သူမဆို လာရောက် ရောင်းချနိုင်ကြောင်း သိရသည်။

“အဓိကကတော့ ရိုးရာအစားအစာနဲ့ နွှယ်တဲ့ အစားအသောက်တွေ  ဦးစားပေး ရောင်းချမှာပါ၊ ရောင်းချတဲ့ သူတွေကတော့ တိုင်းရင်းသား ရိုးရာဝတ်စုံတွေ ဝတ်ပြီးမှ ရောင်းချခွင့်ပြုမှာဖြစ်ပါတယ်။ အဲဒါကတော့ တစ်မူထူးခြားပါတယ်။ လာရောင်းတဲ့သူကတော့တိုင်းရင်းသား ဝတ်စုံဝတ်ရမယ်လို့ ကျွန်တော်တို့ ကန့်သတ်ထားတယ်။ သူတို့ရောင်းချမယ့် ရိုးရာအစားအစာမှာ အနည်းဆုံးလေးမျိုးတော့ ထည့်ပေးရမယ်။ အများဆုံးကတော့ ၁၀ မျိုးပေါ့။ ဒီထက်တော့ ပိုခွင့်မပြုပါဘူး”ဟု  အဆိုပါ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။

ရေပေါ်ညဈေးကို အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၈ ရက်ထိ ညနေ ၃ နာရီ မှ  ည ၉ နာရီထိ ဖွင့်လှစ်ရောင်းချမည် ဖြစ်ပြီး ဈေးရောင်းချလိုသူများ အနေဖြင့် ဖုန်း-၀၉-၆၈၈၂၃၇၇၉၉ သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။