ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

    ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ပေါ် ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာ သင်ယူကြသည့် ကျောင်းသား၊   ကျောင်းသူများအား အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းတွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး၌ ဒုတိယအကြိမ် ထပ်မံထိုးနှံပေးလျက်ရှိသည်။

ထိုသို့  ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက်ငါးနှစ်မှ ကိုးနှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကိုသာ ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးတစ်လုံးလျှင် ငါးဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်ကာ အောက်တိုဘာ ၁၈ ရက်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊  အခြေခံပညာ မူလတန်းကျောင်း ကုလားဘာတောင်၊ စေတီတောင်၊ တောင်ရင်း၊ ငလပွေ့၊ ပြင်ဖြူမော်၊ အောက်ရွာစသည့်  အခြေခံပညာကျောင်းများ အပြင် ဘုန်းတော်ကြီးသင်ကျောင်းများ ဖြစ်သည့် အောင်မင်္ဂလာ၊  ပရဟိတ၊ ဗောဓိသိပ္ပံကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း၊ အောက်တိုဘာ ၁၉ ရက်တွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းနှင့်   အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) မြို့မ အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း   ထိုးနှံပေးခြင်းဖြစ်သည်။

ကျောက်ဖြူမြို့နယ်၌  အဆိုပါဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို စက်တင်ဘာ ၂၇ ရက်က ကျောင်းသား၊ ကျောင်းသူ  ၁၈၄၅ ဦးအား ပထမအကြိမ် ထိုးနှံပေးပြီးဖြစ်ကာ အကြောင်းအမျိုးမျိုးကြောင့်  ဆေးထိုးရန် ကျန်ရှိနေသူများကို ဒုတိယအကြိမ်မြောက် ထပ်မံထိုးနှံပေးခြင်း ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။