ကမ္ဘာပေါ်က ရှေးအကျဆုံးမြို့များ(၂)

အေသင်(ဘီစီ ၄၀၀၀)

အေသင်မြို့ဆိုတာကတော့ မသိသူမရှိတဲ့ အထင်ကရမြို့ကြီးဖြစ်ပြီး ဂရိနိုင်ငံမှာတည်ရှိပါတယ်။ ဒါ့အပြင် မြို့တော်ဖြစ်တဲ့ အေသင်မြို့ဟာ ဂရိနိုင်ငံရဲ့ အကြီးဆုံးမြို့လည်း ဖြစ်ပါတယ်။

အေသင်မြို့ကို ထင်ရှားကျော်ကြားစေတဲ့ အကြောင်းအရာများစွာအနက်တစ်ခုကတော့ အနောက်နိုင်ငံတွေရဲ့ မြို့ပြယဉ်ကျေးမှုနဲ့ ဒီမိုကရေစီစနစ်ဟာ အဲဒီမြို့ကနေစတင်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

သမိုင်းကြောင်းတွေအရတော့ ဘီစီ ၇၀၀၀ လောက်ကတည်းက အေသင်မြို့မှာ လူသားတွေအခြေတည် နေထိုင်ခဲ့တာဖြစ်တယ်လို့ဆိုပေမယ့် တကယ့်တကယ်တမ်းမှာ ဘီစီ ၁၁၀၀၀ ကနေ ၇၀၀၀ အတွင်းကတည်း က နေထိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အေသင်မြို့ဟာ ယနေ့ထိတိုင် ကမ္ဘာကျော်ဆဲ အတွေးအခေါ်ပညာရှင်တွေဖြစ်တဲ့ ဆိုကရေးတီး၊ အရစ္စတိုတယ်၊ ဟစ်ပိုကရေးတီးတို့ကို ထွက်ပေါ်လာစေတဲ့မြို့တစ်မြို့လည်း ဖြစ်ပါတယ်။

ဒဏ္ဍာရီတွေထဲမှာ ပြောဆိုမှုအရဆိုရင် နတ်ဘုရားမဖြစ်တဲ့ အေသင်နာက ရှေးခေတ်ဂရိနိုင်ငံအတွက် ငြိမ်းချမ်း မှုနဲ့ ချမ်းသာကြွယ်ဝမှုရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ သံလွင်ပင်ကို လက်ဆောင်ပေးခဲ့ရာကနေ အဲဒီမြို့ကို အေသင်မြို့ဆိုပြီး ယနေ့ထိတိုင် ခေါ်ဝေါ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ယနေ့ခေတ်မှာတော့ အေသင်မြို့မှာ လူပေါင်းသုံးသန်းခန့် နေထိုင်နေပြီး ခရီးသွားတွေအနေနဲ့ ဂရိခေတ်၊ ရောမခေတ်၊ အရှေ့ရောမ အင်ပါယာခေတ်နဲ့ အော်တိုမန်ခေတ်တို့ရဲ့ ရှေးဟောင်းလက်ရာတွေကို လေ့လာ ကြည့်ရှုနိုင်ပါလိမ့်မယ်။

ဆူဆာ(ဘီစီ ၄၂၀၀)

ဆူဆာမြို့ဆိုတာ လူသိနည်းတဲ့မြို့ဖြစ်ပေမယ့် တကယ်တမ်းမှာ ရှေးကျတဲ့မြို့ဟောင်းကြီးတစ်ခုဖြစ်ပါတယ်။ အီရန်နိုင်ငံမှာရှိတဲ့ ဆူဆာမြို့ကို ဘီစီ ၇၀၀၀ လောက်ကတည်းက အိမ်ခြေအနည်းငယ်နဲ့ စတင်ထူထောင်ခဲ့ တာဖြစ်သော်လည်း ဘီစီ ၄၂၀၀ လောက်ကျမှ မြို့ပြဒေသအဖြစ် ဖွံ့ဖြိုးတိုးတက်လာတာပါ။

ဒါ့အပြင် ကုန်သွယ်လမ်းကြောင်းပေါ်မှာ တည်ရှိတဲ့အတွက်လည်း ဆူဆာမြို့ဟာ အလွန်အရေးပါတဲ့ မြို့တစ် မြို့ထဲမှာ အပါအဝင်ဖြစ်ပါတယ်။

ဇာဂရော့တောင်ခြေနဲ့ တိုက်ဂရစ်မြစ် အရှေ့ခြမ်းမှာတည်ရှိတဲ့ ဆူဆာမြို့ဟာ အာဆီးရီးယားအင်ပါယာရဲ့ သိမ်းပိုက်ခြင်းကို မခံရမီတုန်းက အီလာမိုက်အင်ပါယာရဲ့ မြို့တော်အဖြစ် တည်ရှိခဲ့တာပါ။

ဆူဆာမြို့နဲ့ ပတ်သက်တဲ့ နောက်ထပ် အထင်ကရသမိုင်းကြောင်းတစ်ခုက အလက်ဇန်းဒါးသယ်ဂရိတ်ဟာ ဘီစီ ၃၂၄ ခုနှစ်မှာ ပါရှားနဲ့ မက်စီဒိုးနီးယား ယဉ်ကျေးမှုနှစ်ခုကို ပေါင်းစည်းဖို့ကြိုးပမ်းတဲ့အနေနဲ့ နှစ်နိုင်ငံမှ စုံတွဲပေါင်း ၁၀၀၀၀ ကို ဆူဆာမြို့မှာ တစ်ပြိုင်နက်တည်း လက်ထပ်မင်္ဂလာကျင်းပပေးမှု ဖြစ်ပါတယ်။

ယနေ့အချိန်မှာတော့ ဆူဆာမြို့ဟာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာအဖြစ် သတ်မှတ်ခံထားရပြီး အဲဒီမြို့ရဲ့ ကပ်လျက်မှာတော့ ဆူ့(ရှ်)ဆိုတဲ့မြို့တည်ရှိပါတယ်။

ဂါဇီယန်တပ်(ဘီစီ ၃၆၅၀)

အန်တပ်မြို့လို့လည်းလူသိများတဲ့ ဂါဇီယန်တပ်မြို့ဟာ ဆီးရီးယားနိုင်ငံရဲ့ နယ်စပ်အနီး တူရကီနိုင်ငံတောင် ပိုင်းမှာတည်ရှိပါတယ်။

ဘီစီ ၃၆၅၀ လောက်ကတည်းက လူနေထိုင်မှုရှိတဲ့အတွက် ဂါဇီယန်တပ်မြို့ဟာ ကမ္ဘာ့ရှေးအကျဆုံးမြို့ တစ်မြို့အဖြစ် စာရင်းဝင်နေတာပါ။

ဂါဇီယန်တပ်မြို့ဟာလည်း ရှည်လျားလှတဲ့ သမိုင်းကြောင်းတည်ရှိပြီး အထူးသဖြင့် ဘီစီ ၁၆၀၀ ကနေ ဘီစီ ၁၁၇၉ အထိ ဟစ်ထိုက်အင်ပါယာရဲ့ အုပ်ချုပ်မှုအောက်မှာ တည်ရှိခဲ့တာပါ။ ဟစ်ထိုက်အင်ပါယာထဲမှာ ယနေ့ ခေတ် တူရကီ၊ ဆီးရီးယားနဲ့ လက်ဘနွန်နိုင်ငံတို့ ပါဝင်ပါတယ်။

ဒါကြောင့် ဂါဇီယန်တပ်မြို့ကို သွားရောက်လည်ပတ်မယ်ဆိုရင် လေ့လာစရာနေရာတွေ အများကြီးရှိပါလိမ့် မယ်။ အဓိကကတော့ ဂါဇီယန်တပ်ခံတပ်မြို့နဲ့ ရာဗန်ဒါတောင်ပေါ်ခံတပ်မြို့တို့ကို တွေ့နိုင်ပါတယ်။ အဲဒီနှစ် နေရာစလုံးကို အရှေ့ရောမအင်ပါယာက အေဒီ ၆ ရာစုမှာ ပြန်လည်ပြုပြင် ထိန်းသိမ်းခဲ့တာပါ။

ဒါ့အပြင် ဂါဇီယန်တပ်မြို့မှာ ရောမခေတ်မှန်ကူကွက် ပန်းချီကားအမြောက်အမြားကို တွေ့နိုင်မှာဖြစ်သလို  ကမ္ဘာ့အကြီးဆုံး မှန်ကူကွက် ပန်းချီကားပြတိုက်လည်း တည်ရှိပါတယ်။

လူဆွာ(ဘီစီ ၃၂၀၀)

အီဂျစ်နိုင်ငံရဲ့ သမိုင်းကြောင်းမှာ တစ်ထောင့်တစ်နေရာကနေပါဝင်တာကတော့ လူဆွာမြို့ဖြစ်ပြီး အဲဒီမြို့မှာ ဘီစီ ၃၂၀၀ လောက်ကတည်းက လူနေထိုင်မှုတွေရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လူဆွာမြို့ဟာ သိ(စ်)မြို့မှာပဲတည်ရှိပါတယ်။ သိ(စ်)လို့ခေါ်တဲ့ မြို့နှစ်မြို့ရှိပါတယ်။ တစ်ခုကတော့ အခုပြောနေတဲ့ အီဂျစ်နိုင်ငံမှာဖြစ်ပြီး နောက်တစ်ခုကတော့ ဂရိနိုင်ငံမှာပါ။

လူဆွာမြို့ဟာ စတည်တုန်းက အလွန်သေးငယ်တဲ့ ကုန်သွယ်ရေး စခန်းဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာတော့ အီဂျစ်အင်ပါယာရဲ့ အချမ်းသာဆုံး မြို့တစ်မြို့အဖြစ် စာရင်းဝင်ရတဲ့အထိ ကြီးမားလာပါတယ်။

လူဆွာမြို့ကို အုပ်ချုပ်ခဲ့တဲ့သူတွေကို လက်ချိုးရေလို့ရပါတယ်။ အဲဒီထဲမှာမှ ယနေ့ထိတိုင် နာမည်ကြီးတဲ့ တူတန်ခမန်၊ ရမ်ဆက် ၂ နဲ့ ရမ်ဆက် ၃ တို့ပါဝင်ပါတယ်။

ကမ္ဘာ့အကြီးဆုံး အမိုးပွင့်ပြတိုက်လို့တင်စားရတဲ့ အဲဒီနေရာမှာတော့ ရှေးဟောင်း အဆောက်အအုံတွေနဲ့ အပြိုအပျက်တွေကို တွေ့နိုင်ပါတယ်။ တချို့ဘုရားကျောင်းတွေဆိုရင် ဘီစီ ၂၀၀၀ လောက်ကတည်းက တည်ထားခဲ့တာတွေဖြစ်ပါတယ်။

ရှေးဟောင်း အဆောက်အအုံတွေအပြင် အီဂျစ်ဘုရင်တစ်ပါးဖြစ်တဲ့ တူတန်ခမန်ရဲ့ ကမ္ဘာကျော်ဂူဗိမာန်ကို လည်း လူဆွာမြို့မှာ တွေ့ရှိနိုင်ပါသေးတယ်။

နွေဉီး