ကြက်သွန်စိုက်ပျိုးသည့် တောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းရရှိ၍ အဆင်ပြေ

ကြက်သွန်စိုက်ပျိုးသည့် တောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းရရှိ၍ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ တောင်သူများ စိုက်ပျိုးထားသည့် ဆောင်းကြက်သွန်နီ ခေါ် လှောင်ကြက်သွန်နီ ဈေးနှုန်း ငွေကျပ် ၃၀၀၀ ထိဈေးတက်လာကြောင်း လဲဂွကျေးရွာမှ ဆောင်းကြက်သွန် စိုက်ပျိုးသည့်တောင်သူ ဦးတင်ထွန်းအောင်ထံမှ သိရသည်။

ဆောင်းကြက်သွန်နီ ဈေးနှုန်းများမှာ မေ၊  ဇွန်၊ဇူလိုင်လတို့တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ မှ ၂၅၀၀ ထိဈေးနှုန်းတက်ခဲ့ပြီး အောက်တိုဘာလ တတိယပတ်မှာပင် ကြက်သွန်ဈေးနှုန်း ထပ်မံမြင့်တက်ခဲ့ကာ တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ ရရှိခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီ အများအပြား စိုက်ပျိုးကြပြီး ကြက်မောက်တောင်ချောင်း တစ်လျှောက်၊ ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများ၊ ရေဆုံးအုပ်စုမှ ကျေးရွာများနှင့် စိတ္ထိန်း၊ ကမ်းဖြူကျေးရွာတို့၌ စိုက်ပျိုးကြကြောင်း၊  ဆောင်းကြက်သွန် စိုက်ပျိုးရန် ပျိုးထောင်ချိန်မှ စိုက်ပျိုးချိန်၊ နုတ်သိမ်းချိန်ထိ အချိန်ခြောက်လကျော် ကြာမြင့်ကြောင်း၊ ပျိုးသက် ၄၅ ရက်ရှိလျှင် ကြက်သွန်စိုက်ခင်း အတွင်းသို့   ရွှေ့ပြောင်းစိုက်ရကြောင်း၊ ရွှေ့ပြောင်းမစိုက်ပျိုးခင် အချိန်ထိ ထွန်ရေးညက်အောင် ထွန်ယက်ရခြင်း၊ မြေဆီ၊ မြေသြဇာနှပ်ထားရခြင်း၊ ရေလောင်း၊ ရေဖျန်းရန်ကြိုတင်တွင်းတူး ဖော်ရခြင်းများ  လုပ်ဆောင် ထားရကြောင်း၊ စိုက်ပျိုးချိန်တွင်  ပျိုးနုတ်ရန် အလုပ်သမား ငှားရမ်းရကြောင်း၊  ငွေကုန်ကြေးကျများသည့်  လုပ်ငန်းဖြစ်သော်လည်း နှစ်စဉ်နှစ်တိုင်း စိုက်နေကြကြောင်း သိရသည်။

ဆောင်းကြက်သွန်နီ ဈေးနှုန်းများ သုံးနှစ်ဆက်တိုက် အရှုံးပေါ်ခဲ့သော်လည်း ယခုနှစ်သြဂုတ်လ အတွင်းမှစပြီး ကြက်သွန်စိုက်ပျိုးသည့်တောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ကြက်သွန်နီ ဈေးနှုန်းငွေကျပ် ၃၀၀၀ ဖြစ်နေကာ ဈေးနှုန်း ဆက်လက် မြင့်တက်လာနိုင်ကြောင်း သိရသည်။