ပင်းတယမြို့နယ်ထွက် နှင်းတက် လက်ဖက်ခြောက်များ စတင်ခူးဆွတ်ရောင်းချ

ပင်းတယမြို့နယ်ထွက် နှင်းတက် လက်ဖက်ခြောက်များ စတင်ခူးဆွတ်ရောင်းချ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့နယ် ရပ်ကွက် ကျေးရွာ အများအပြားတွင် စိုက်ပျိုးထားသော လက်ဖက်ပင်များမှ ဆောင်းရာသီထွက် နှင်းတက် လက်ဖက်ခြောက်ရွက်နုများကို အောက်တိုဘာလ ပထမပတ်မှ စတင်ခူးဆွတ် ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ ပင်းတယမြို့အနောက်ဘက် တောင်တန်းကျေးရွာရဲ့ တောင်ပေါ်ထွက်ရှိသော လက်ဖက်များက အရသာ အထူးကောင်းမွန်ပါတယ်။  တောင်ပေါ်တန်း ကျေးရွာများက လက်ဖက်ခင်း စိုက်ပျိုးကြတဲ့ တောင်သူမိသားစုတွေက  နေ့စဉ်ခူးဆွတ် ရောင်းချပေးကြပါတယ်”ဟု ပါးမဲကျေးရွာလက်ဖက်ခင်းမှ တောင်သူမခင်မို့အေး ကပြောသည်။

ဆောင်းတွင်းအဝင် ကာလဖြစ်သည့် အောက်တိုဘာလကုန်မှ ဖေဖော်ဝါရီလအထိ ပင်းတယမြို့နယ်ရှိ တောင်ပေါ်ကြီးကျေးရွာအုပ်စု၊ ရေဖြူကျေးရွာအုပ်စု၊ ကူးကော် ကျေးရွာအုပ်စု၊   ဝါးပြားကျေးရွာအုပ်စု၊ ပန်းစစ်ကျေးရွာအုပ်စု၊ ထွက်နီကျေးရွာအုပ်စု၊ ရေချမ်းစင် ကျေးရွာအုပ်စုနှင့် ညောင်ဝန်းကျေးရွာ အုပ်စုတို့တွင် လက်ဖက်ပင်များကို  အများအပြား စိုက်ပျိုး၍ ကျန်ရပ်ကွက်/ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော လက်ဖက်ညွန့်များကို   ဒေသအခေါ် နှင်းတက်ဟုခေါ်ကြောင်း၊ ယခုခူးဆွတ်သော လက်ဖက်ရွက်နုများကို  လက်ဖက်စို၊ လက်ဖက်ခြောက်ဟူ၍ နှစ်မျိုးထုတ်လုပ်ပြီး လက်ဖက်စို တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀၊ နှင်းတက်လက်ဖက်ခြောက် တစ်ပိဿာလျှင်  ငွေကျပ် ၆၅၀၀ ကျပ်နှင့်   Green Tea လက်ဖက်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀၀ အထိ ရောင်းချကြကြောင်း သိရသည်။