နိုင်ငံတော်အနေဖြင့် တိုင်းရင်းဆေးကဏ္ဍကို စဉ်ဆက်မပြတ် အားပေးလျက်ရှိပြီး အလုပ်သင် တိုင်းရင်းဆေးဆရာများ၏ ချီးမြှင့်ငွေကိုလည်း တိုးမြှင့်ပေးထား

နိုင်ငံတော်အနေဖြင့် တိုင်းရင်းဆေးကဏ္ဍကို စဉ်ဆက်မပြတ် အားပေးလျက်ရှိပြီး အလုပ်သင် တိုင်းရင်းဆေးဆရာများ၏ ချီးမြှင့်ငွေကိုလည်း တိုးမြှင့်ပေးထား

နေပြည်တော်  အောက်တိုဘာ  ၂၃

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း သည်  တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက်ပိုင်း က လှိုင်သာယာ စက်မှုဇုန်ရှိ Fame Pharm-aceuticalsစက်ရုံသို့ ရောက်ရှိပြီး ကုန်ကြမ်း သိုလှောင်ခန်း၊ အရည်အသွေးထိန်းချုပ်ခန်း၊ ဓာတ်ခွဲခန်းနှင့် ဆေးဝါးများ ထုတ်လုပ်နေမှု အခြေအနေများကို   ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံမန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာ ခင်မောင်လွင်၊ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အသေးစား၊  အငယ်စား၊  အလတ်စား စီးပွားရေးလုပ်ငန်းဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ    တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊  လိုအပ်သည့် ကုန်ကြမ်းများကိုပြည်တွင်း၌    စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့်  နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊   တိုင်းရင်းဆေးဝါးများသည်  ပြည်သူလူထု ကျန်းမာရေး စောင့်ရှောက်မှုတွင်   တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်သည့်အတွက် တိုင်းရင်းဆေးဝါး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီးကြောင်း၊   အရည်အသွေး ပြည့်မီသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်   ကုန်ကြမ်းပစ္စည်း အရည်အသွေးသည်  အထူးအရေးကြီးကြောင်း၊    နိုင်ငံတကာသို့ ထုတ်ကုန်များတင်ပို့ရာတွင်    အရည်အသွေးပိုင်း အထူးကြီးကြပ် ဆောင်ရွက်သွားရန်လိုကြောင်း။

နိုင်ငံတကာအဆင့်မီဆေးဝါး ကုန်ပစ္စည်းများ တင်ပို့ရောင်းချနိုင်ရန်   သုတေသနနှင့် ဖွံ့ဖြိုးမှုအပိုင်းသည်  အထူးအရေးကြီးကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အရည်အသွေးပိုင်းကို   တိတိကျကျစစ်ဆေးပြီး ဆေးဝါးလိုင်စင်များကို  အချိန်နှင့်တစ်ပြေးညီ စိစစ်ထုတ်ပေးလျက် ရှိကြောင်း၊ လိုအပ်သည့် နည်းပညာနှင့် သုတေသနလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ်စက်မှုဇုန်ရှိ စကြာမင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးသို့ ရောက်ရှိပြီး  စက်ရုံအတွင်း ကြည့်ရှုစစ်ဆေးကာ စကြာမင်းကုမ္ပဏီလီမိတက်   မန်နေးဂျင်း ဒါရိုက်တာ ဦးမြင့်ဝေ၊ စက်ရုံ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက  နိုင်ငံတော်အနေဖြင့် တိုင်းရင်းဆေးကဏ္ဍကို စဉ်ဆက်မပြတ် အားပေးလျက်ရှိပြီး  အလုပ်သင်တိုင်းရင်း ဆေးဆရာများ၏  ချီးမြှင့်ငွေကိုလည်း တိုးမြှင့်ပေးထားကြောင်း၊ ထုတ်လုပ်ရောင်းချမှု အဆင့်တိုင်းတွင်  သိပ္ပံနည်းကျ သုတေသနများ ပြုလုပ်သွားရန် လိုအပ်ပြီး ရရှိလာသည့် သုတေသနရလဒ်များပေါ် မူတည်၍ ထုတ်ကုန်များကို အဆင့်မြှင့်သွားရမည်ဖြစ်ကြောင်း၊  Evidence based, Document based ဖြစ်ရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ဒဂုံမြို့နယ် ကျန်စစ်သားစက်မှုဇုန် (၂)ရှိ ဦးသာရင် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးသို့ရောက်ရှိပြီး စက်ရုံအတွင်း ကြည့်ရှုစစ်ဆေးကာ  လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။