တနင်္သာရီတိုင်းဒေသကြီးအား ဆီအုန်းအခြေခံသည့် မြန်မာ့ဆီအိုးကြီး တစ်အိုးဖြစ်စေရေး အကောင်အထည်ဖော်ကြိုးပမ်း    

တနင်္သာရီတိုင်းဒေသကြီးအား ဆီအုန်းအခြေခံသည့် မြန်မာ့ဆီအိုးကြီး တစ်အိုးဖြစ်စေရေး အကောင်အထည်ဖော်ကြိုးပမ်း                              

နေပြည်တော်   အောက်တိုဘာ  ၂၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်    စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာ ၂၀ ရက် က တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ် မြိတ်တောင်အုပ်စု ကုန်းဖောက် ရပ်ကွက်ရှိ   ထူးထူးတိုး ကုမ္ပဏီလီမိတက် ဥစားကြက်မွေးမြူရေး လုပ်ငန်းသို့ ရောက်ရှိကြရာ    မွေးမြူရေးလုပ်ငန်း တာဝန်ခံက ကြက်မွေးမြူခြင်းနှင့်   ကြက်ဥထုတ်လုပ် ဖြန့်ဖြူးခြင်း၊ ဇီဝဓာတ်ငွေ့ထုတ်ယူ စုဆောင်းအသုံးပြုခြင်း လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပြောင်းလဲလာသော စားသောက်မှုပုံစံနှင့် စားသုံးမှုစနစ်များအရ အသားငါးစားသုံးမှုမှာ သိသာစွာ  တိုးတက်လာလျက် ရှိနေသဖြင့် အသားငါးထုတ်လုပ်မှု တိုးမြှင့်ရေးအတွက် မွေးမြူထုတ်လုပ်မှုစနစ်၊    တိရစ္ဆာန်အစာ ကျွေးမွေးမှုစနစ်နှင့် တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်တားဆီး နှိမ်နင်းရေး စနစ်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များ၊အစားအစာ ဘေးကင်းလုံခြုံပြီး  အာဟာရပြည့်ဝသော    ထုတ်ကုန်များဖြစ်စေရေး ဈေးကွက်စံချိန်စံညွှန်းနှင့်အညီ   မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဖြစ်စေရေး အလေးထား ဆောင်ရွက်ရန်   လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍   ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မြိတ်မြို့နယ်  ကျွဲကူးကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာတွင် မိုးစပါးစိုက်အကျိုးဆောင် တောင်သူများနှင့်တွေ့ဆုံ၍ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊   စိုက်ပျိုးထုတ်လုပ်မှု စရိတ်လျှော့ချရေး    သီးနှံအထွက်နှုန်း တိုးတက်ရေးအတွက် နည်းပညာများစနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်  စီးပွားရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများက  သဘာဝမြေသြဇာနှင့်  သဘာဝပိုးသတ်ဆေးများကို ပေးအပ်ကြရာ တောင်သူများက လက်ခံရယူခဲ့ကြသည်။

ညနေပိုင်းတွင် မြိတ်မြို့ရှိ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန၏ ရော်ဘာနှင့်  စားအုန်းဆီသီးနှံဆိုင်ရာ သုတေသနလုပ်ငန်းများ၊  မျိုးသန့်မျိုးပွား ဖြန့်ဖြူးနေမှုများကို   ကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်သီးနှံဌာနခွဲမှ တာဝန်ရှိသူများက မြိတ်ဒေသတွင် ဆောင်ရွက်လျက်ရှိသည့် နှစ်ရှည်ပင်များ သုတေသန နှင့်  နည်းပညာဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်းကောင်း၊ ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် နှစ်အလိုက်ပြည်ပသို့ ရော်ဘာတင်ပို့မှု အခြေအနေများကို လည်းကောင်း ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍  ဒုတိယဝန်ကြီးက  တနင်္သာရီတိုင်းဒေသကြီးအား ဆီအုန်းအခြေခံသည့်  မြန်မာ့ဆီအိုးကြီး တစ်အိုးဖြစ်စေရေး အကောင်အထည်ဖော် ကြိုးပမ်းရန်လိုအပ်ချက်များ၊ ဒေသရေမြေနှင့် ကိုက်ညီပြီး   အလားအလာကောင်းသည့် ဆီအုန်း၊ ရော်ဘာ၊ သီဟိုဠ်သရက်သီးနှံများ တိုးတက်ထုတ်လုပ်နိုင်ရေး၊ ကော်ဖီ၊ ကိုကိုး နှင့် ဟင်းခတ် အမွှေးအကြိုင်ပင်များ တိုးချဲ့စိုက်ပျိုး လုပ်ကိုင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။