နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သည့် မဲစာရင်းမှန်ကန်စွာပြုစုရေးလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာပြီးစီးနိုင်ရေးမှာကြား

နေပြည်တော်  အောက်တိုဘာ   ၂၇

နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သည့် မဲစာရင်းမှန်ကန်စွာပြုစုရေးလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာပြီးစီးနိုင်ရေးမှာကြား

ပဲခူးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲမဲစာရင်းများမှန်ကန်ရေးအတွက် မြေပြင် လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပဲခူးမြို့ရှိ တော်ဝင်ဟံသာခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားအားလုံး ၎င်းတို့၏ နိုင်ငံသားဖြစ်တည်မှုအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးခြင်းလုပ်ငန်းကို ခေတ်အဆက်ဆက် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ယခု နိုင်ငံတော် အစိုးရတာဝန်ယူစဉ်ကာလအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားအားလုံး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင် မဲပေးနိုင်ရေးရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် ၁၈ လတာ ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း။

မိမိတို့ဌာနအနေဖြင့် မဲစာရင်းမှန်ကန်ရေးအတွက် ဆက်စပ်ဌာနများဖြစ်သည့်  ရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိကြောင်း၊   ယင်းသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့သည့် ကနဦးစာရင်းများသည် မိမိတို့ဝန်ကြီးဌာန၏ အခြေခံစာရင်း ဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ပါစာရင်းများနှင့် ကိုက်ညီရေးအတွက် သုံးပွင့်ဆိုင် တိုက်ဆိုင်စစ်ဆေးရ မည်ဖြစ် ကြောင်း။

ပဲခူးတိုင်းဒေသကြီး၏ လူဦးရေစာရင်းသည်လည်း  ယင်းကဲ့သို့   သုံးပွင့်ဆိုင်တိုက်ဆိုင်စစ်ဆေးပါက စာရင်းအမှန်ရရှိမည်ဖြစ်ကြောင်း၊  ယင်းသို့ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၏ အခြေခံ ဒေသလူဦးရေစာရင်းများသည် အနီးစပ်ဆုံး  တိကျမှန်ကန်သည့်အတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများရှိ လက်ရှိ မြေပြင်လူဦးရေစာရင်းများဖြင့် တိုက်ဆိုင်၍ လူဦးရေတိုးခြင်း၊ လျော့ခြင်း၊ စာရင်းပယ်ဖျက်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းများကို ဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့်လည်း မြို့နယ်ရုံးအသီးသီးရှိ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆)နှင့် နိုင်ငံသားကတ် ထုတ်ပေးခြင်း  မှတ်ပုံတင်စာအုပ်(နိုင်-၄)တို့ပါ အချက်အလက်များအား နည်းပညာအကူအညီဖြင့်  ရုံးချုပ် Server သို့ထည့်သွင်း ဆောင်ရွက်ခဲ့ရာ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ် အပိုကိုင်ဆောင်မှုများ၊ အချက်အလက်လွဲမှားမှုများရှိနေသည်ကို   တွေ့ရှိရကြောင်း၊ ပြည်သူများအနေဖြင့် အချက်အလက်လွဲမှားမှုများ၊ အပိုကိုင်ဆောင်မှုများရှိပါက ပြန်လည်အတည်ပြု ပြင်ဆင် အပ်နှံဆောင်ရွက်နိုင်ရန် လာမည့်နိုဝင်ဘာ ၁ ရက် နောက်ဆုံးထား ပြင်ဆင်အတည်ပြုနိုင်ရေး မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက်များကို မီဒီယာမျိုးစုံမှ အသိပေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းအသိပေး ထုတ်ပြန်ချက်ကိုလည်း ရပ်ကွက်/ကျေးရွာ အဆင့်ထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် လိုက်ပါပူးပေါင်းဆောင်ရွက်နိုင်ရေး လက်ဆင့်ကမ်းပြောကြား ပေးကြစေလိုကြောင်း၊    အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း မဲစာရင်းမှန်ကန်စွာပြုစုနိုင်ရေးအတွက် ဆက်စပ်ဌာနများအချင်းချင်း ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်နေမှုနှင့် ပြည်သူများအား အသိပေးထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရပ်ကွက်/ကျေးရွာအရောက် ပြည်သူများသိရှိစေရေး ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပဲခူးတိုင်း ဒေသကြီးဦးစီးမှူး ဦးအောင်မင်းက ပန်းခင်းစီမံချက်ဆောင်ရွက်ပြီးစီးမှုနှင့် မဲစာရင်းမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊  ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အရာရှိ ဒေါက်တာကျော်ကိုလတ်က မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူထားရှိမှု အခြေအနေကိုလည်းကောင်း  ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဖြည့်စွက် ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတွက် အရေးကြီး သည့်  လုပ်ငန်းတစ်ခုဖြစ်သည့် မဲစာရင်းမှန်ကန်စွာ  ပြုစုရေးလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာပြီးစီးနိုင်ရေး နိဂုံးချုပ် အမှာစကားပြောကြားကြောင်း သိရသည်။      

 (သတင်းစဉ်)