နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်၍ စားသောက်ကုန်များ၊ အမှတ်တရ လက်ဆောင် ပစ္စည်းများအား ဒေသထွက်ကုန်ပစ္စည်းများဖြင့် ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ကြရန်လို

နေပြည်တော်  အောက်တိုဘာ  ၂၇

နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်၍ စားသောက်ကုန်များ၊ အမှတ်တရ လက်ဆောင် ပစ္စည်းများအား ဒေသထွက်ကုန်ပစ္စည်းများဖြင့် ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ကြရန်လို

နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် အဓိကမောင်းနှင်အား တစ်ခုဖြစ်သည်နှင့်အညီ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသည်လည်း ယင်းစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ   ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ နေပြည်တော်အတွင်းရှိ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ လုပ်ငန်းရှင်များအသင်း အမှုဆောင် အဖွဲ့ဝင်များအား တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် နိုင်ငံတော်၏ စီးပွားရေးကို ပြန်လည်ဦးမော့လာနိုင်စေရေးအတွက် ဘက်ပေါင်းစုံမှ  ဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍကိုလည်း ဖွံ့ဖြိုးတိုးတက်စေလိုကြောင်း၊ နေပြည်တော် အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအနေဖြင့် ဒေသထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အသေးစား၊ အငယ်စားနှင့်  အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူ ပြုနိုင်ရန်အတွက် မိမိတို့တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ခြင်းဖြင့် ဆင့်ပွားအကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် မီးခိုးမထွက်သည့်စက်ရုံဖြစ်ပြီး ယခုအခါ နည်းပညာများဖွံ့ဖြိုး တိုးတက်လာမှုနှင့်အတူ ခရီးသွားလုပ်ငန်း နှင့်ဆက်စပ်၍ စားသောက်ကုန်များ၊ အမှတ်တရလက်ဆောင်ပစ္စည်းများအား ဒေသထွက်ကုန်ပစ္စည်းများဖြင့် ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရာတွင် လိုအပ်ချက် များရှိပါက ဝိုင်းဝန်းကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ယင်းနောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသော ဟိုတယ်နှင့်တည်းခိုရိပ်သာ လုပ်ငန်းရှင်များနှင့် ခရီးသွားလုပ်ငန်းရှင်များက မိမိတို့ ဆောင်ရွက်နေကြသောအသေးစား၊ အငယ်စားနှင့်  အလတ်စားစီးပွားရေးလုပ်ငန်းများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                     

(၅၀၀)