မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေးလူနာ ၁၃ ဦးကို ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်)တွင် အောင်မြင်စွာကုသမှု ဆောင်ရွက်ပေးခဲ့

မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေးလူနာ ၁၃ ဦးကို ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်)တွင် အောင်မြင်စွာကုသမှု ဆောင်ရွက်ပေးခဲ့

နေပြည်တော် အောက်တိုဘာ  ၂၇

ကျန်းမာရေးဝန်ကြီးဌာန ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်) နှလုံးကုသဆောင်တွင်  ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ Children Hospital (1) မှ ကလေးနှလုံး အထူးကုဆရာဝန် Dr. Do Nguyen Tin သည် ပါမောက္ခဒေါက်တာခင်မောင်ဦး၊ ပါမောက္ခ (ကလေးနှလုံး) ဦးဆောင်သော ကလေးနှလုံးရောဂါ အထူးကုဆရာဝန်များနှင့်အတူ ပူးပေါင်း၍ မွေးရာပါ နှလုံးရောဂါကလေးလူနာများကို ခွဲစိတ်ရန်မလိုဘဲ နှလုံးပိုက်သွင်းစမ်းသပ်ကုသစက်     (Cardiac Catheterization Laboratory) ကို အသုံးပြု၍  ဘောလုံးဖြင့်ချဲ့ကာ ကုသခြင်း၊ အဆို့ဖြင့်ပိတ်၍ ကုသခြင်းများပြုလုပ်ခဲ့ရာ မွေးရာပါနှလုံးရောဂါရှင် ကလေးလူနာစုစုပေါင်း ၁၃ ဦးကို စက်တင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်အတွင်း အောင်မြင်စွာကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကလေးနှလုံးရောဂါကုသခြင်းများကို ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်)တွင် နှလုံးဆေးကုသဆောင်မှ ကလေးနှလုံးအထူးကုဆရာဝန်များကိုယ်တိုင်လုပ်ဆောင်၍ လည်းကောင်း၊ နိုင်ငံခြားမှကျွမ်းကျင်သော ကလေးနှလုံးအထူးကုဆရာဝန်များအား ဖိတ်ခေါ်၍လည်းကောင်း ဆောင်ရွက်လျက်ရှိရာ ၂၀၁၅ ခုနှစ် သြဂုတ်လမှ ယနေ့အထိ စုစုပေါင်းနှလုံးရောဂါဝေဒနာရှင် ကလေးလူနာ ၁၃၉၀ ကို အောင်မြင်စွာကုသနိုင်ခဲ့ပြီး ဖြစ်သည်။

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ ကလေးအထူးကုဆေးရုံကြီးမှ ကလေးနှလုံးအထူးကု ဆရာဝန် Dr. Do Nguyen Tin သည် ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်)တွင် နှလုံးဆေးကုသဆောင်မှ ကလေး နှလုံးအထူးကုဆရာဝန်များနှင့်အတူ မကြာခဏပူးပေါင်းဆောင်ရွက်၍ နှလုံးရောဂါဝေဒနာရှင် ကလေးလူနာများကို အောင်မြင်စွာကုသမှုများ ဆောင်ရွက်လျက်ရှိသည်။

 ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကုန်)တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ  အောက်တိုဘာ ၁၂ ရက်အထိ ပြင်ပလူနာကြည့်ရှုကုသမှုအနေဖြင့် ကလေးလူနာ ၂၆၃၇၀ ကိုလည်းကောင်း၊  နှလုံးပုံရိပ်ဖော်စက်ဖြင့်ကုသမှု  (Echocardiogram)ဖြင့် ကလေးလူနာ ၁၄၅၂ ဦးကိုလည်းကောင်း၊  နှလုံးပိုက်သွင်း၍ ကုသမှု(Cardiac Catheterization Procedure) ဆောင်ရွက်ပေးသော ကလေးနှလုံးလူနာ  ၆၇ ဦးကိုလည်းကောင်း ကုသမှုများပေးအပ်ခဲ့ကြောင်း သိရသည်။