ချဉ်စော်ကားသီးနှင့်ကျန်းမာရေး

ချဉ်စော်ကားသီးနှင့်ကျန်းမာရေး

ချဉ်စော်ကားသီး  ခေါ်  ချဉ်စော်ခါးသီးကို အင်္ဂလိပ်လို  Quince Fruit ဟုခေါ်ပါသည်။ Rosaceae မျိုးရင်းဖြစ်ပြီး ပန်းသီး၊ သစ်တော်သီး တို့နှင့် မျိုးရင်းအုပ်စုတူညီသည်။ နွေးသမရာသီဥတုရှိသော အာရှတိုက်အနောက်တောင်ပိုင်းဒေသများဖြစ်ကြသည့် ဥရောပတိုက်နှင့် အာရှတိုက်နယ်ကြား ဒေသများသည် ချဉ်စော်ကားသီး၏ ဇာတိနေရာ ဖြစ်သည်။ ချဉ်စော်ကားပင်တို့သည် အလွန်အေးသော ကုန်းမြင့်ဒေသများ၌ ပေါက်ရောက်ဖြစ်ထွန်းသည်။ မြန်မာနိုင်ငံ၏ မန္တလေးတိုင်းဒေသကြီး မိုးကုတ်ဒေသ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ပင်လုံမြို့နယ်ခွဲရှိ   ဆနင်းဒေသနှင့်  ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် ဒေသတစ်ဝိုက်တို့တွင် ဖြစ်ထွန်းအောင်မြင်သည်။ ကချင်ပြည်နယ်တွင်လည်း စီးပွားဖြစ် တွင်ကျယ်စွာ စိုက်ပျိုးလျက်ရှိသည်။   တောင်ပေါ်ဒေသလူမျိုးများ၏ ရေလဲသုံးသော အဖိုးတန်ဆေးဖက်ဝင်အသီးဖြစ်ပြီး ရှမ်းဘာသာစကားအရ “မေဝေါလ်” ဟုခေါ်ဆိုကြကာ ဒေသထွက်ဆေးဖက်ဝင်  “ဝိုင်”  အဖြစ် ချက်လုပ်ကြသည်။  ကချင်တိုင်းရင်းသားများက ရိုးရာချဉ်စပ်ဟင်းလျာများတွင်  ချဉ်စော်ကားသီးအခြောက်ကို  ရေဆေး၍  ခပ်ငယ်ငယ်တုံးပြီး ထည့်ချက်လေ့ရှိကြသည်။

ချဉ်စော်ကားပင်တို့သည် ၆ ပေမှ ၁၂ ပေခန့်ရှည်လျားသော ပင်လတ်ပင်စည်မျိုးဖြစ်သည်။ နှစ်ရှည်အပင်မျိုးဖြစ်ကာ ဆူးများ များပြားခြင်းကြောင့် အိမ်ခြံဝင်းများတွင် ကျွဲ၊ နွားများ ဝင်ရောက်သည့်ဒဏ်မှ ကာကွယ်နိုင်ရန် ခြံဝင်းပတ်လည်၌ စိုက်ပျိုး လေ့ရှိကြသည်။ ၎င်းအပင်၏ ထူးခြားချက်က ပင်စည်မှထွက်သောအကိုင်းများမှာ လက်မဝက်ခန့် ချွန်ထက်သောအဆူးများဖြင့်   ပြည့်နှက်နေကြသော်လည်း ပင်စည်ရင့်လာသည်နှင့်အမျှ အဆူးများတုံးသွားကြသည်။ တစ်လက်မအရွယ်ခန့် ဘဲဥပုံသဏ္ဌာန် ပြောင်ချောမာတင်းနေသော  အရွက်စိမ်းများနှင့်အတူ နီနီရဲရဲပွင့်ဖတ်လေးများက လွန်စွာ ပနံရလှသည်။ သူရှင်သန်ပေါက်ရောက်ရာ ရေမြေဒေသပေါ်မူတည်၍ ဖွံ့ထွားသောအသီးသည် သစ်တော်သီးအရွယ်ခန့်ရှိတတ်ပြီး မှည့်သောအခါ ရွှေဝါရောင်ပြောင်းသွားသည်။

အသီးပေါ်တွင် မာကျော၍ပါးလွှာသောအခွံဖြင့်ဖုံးအုပ်ထားပြီး အသီးခွံပေါ်တွင် ဝါဖန့်ဖန့် အမွေးလေးများဖုံးလွှမ်းထားသည်။ အသီးထဲတွင် အနက်ရောင် အစေ့များစွာပါရှိနေပါသည်။  အသားက  နူးညံ့သိပ်သည်း၍ အရည်ရွှမ်းသည်။ ချဉ်စော်ကားသီးသည် အသားမာသည့် အသီးမျိုးဖြစ်ပြီး  မပုပ်သိုးဘဲ လနှင့်ချီ၍ ကြာရှည်စွာထားနိုင်သည်။ အသီးကို အမျိုးအစားအားဖြင့် အချိုသီးနှင့် အချဉ်သီးဟူ၍ ပုံစံနှစ်မျိုးသတ်မှတ်သည်။ အစိမ်းရောင်ပုံစံရှိသည့်အသီးကို အချိုသီးဟုခေါ်ပြီး အဝါရောင်သန်းနေသည့်အသီးကို အချဉ်သီးဟု ခေါ်သည်။ အစိမ်းရောင်သီးထက် အဝါရောင်သီးက ပိုချဉ်ပြီး အနံ့လည်းပိုမွှေးသည်။ အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် အသီးရင့်မှည့်လာကြကာ  မွှေးကြိုင်သောရနံ့ရှိသည်။

ချဉ်စော်ကားသီး စားဖွယ်စုံ

ချဉ်စော်ကားသီးကို ရာသီမရွေးစားသုံးနိုင်ရန်အတွက် ပါးပါးလှီးကာ အခြောက်လှန်းထားနိုင်သည်။ အချဉ်ထုပ်၊ အချဉ်ပေါင်း၊ ချဉ်စော်ကားသီးယို၊ ချဉ်စော် ကားသီးဖျော်ရည်၊  ဝိုင်အဖြစ်  စားသုံးကြသည်။ အသီးလတ်လတ်ဆတ်ဆတ်ကို အစိမ်းအတိုင်း ချဉ်စော်ကားသီးထောင်းအဖြစ်လည်းကောင်း၊ အသီးခြောက်ကို ဝက်၊ အမဲ၊ အဆီများသောငါး၊ ကြက်၊ ဘဲ စသည့် အသားငါးများဖြင့် ရော၍ အအီပြေချက်ပြုတ်၍လည်းကောင်း စားသောက်ကြသည်။ အခြောက်လှန်းထားသော ချဉ်စော်ကားသီးကို ရေနွေးဖြင့်ဖြော၍  ဆား၊ အရသာမှုန့်၊ ကြက်သွန်၊ ငရုတ်သီးစိမ်းဖြင့် စွန်တန်ဟင်းရည်ကဲ့သို့ အရည်သောက်လုပ်စားနိုင်သည်။ အရှေ့အလယ်ပိုင်း ဒေသနှင့် မြေထဲပင်လယ်ဒေသများ ဖြစ်ကြသော ဥရောပ၊ အရှေ့တောင်အာရှ၊ အာဖရိကဒေသများတွင်  ချဉ်စော်ကားသီးကို  သိုးသား၊ ဆိတ်သား၊ ဝက်သားတို့ဖြင့် နှပ်၍စားကြသလို ချဉ်စော်ကားသီးဖျော်ရည်နှင့် ဂျယ်လီအဖြစ်လည်း စားသုံးကြသည်။

ချဉ်စော်ကားသီးနှင့် တိုင်းရင်းဆေးစွမ်း

တိုင်းရင်းဆေးပညာအလိုအရ ချဉ်စော်ကားသီးသည် တေဇောဓာတ်၊ ပထဝီဓာတ်နှင့် အာပေါဓာတ်တို့ ပေါကြွယ်ဝ၍ ဝါယောဓာတ်ကို ပို့ဆောင်ပေးနိုင်သဖြင့်   အာယုဝဎုန  သက်ရှည်ကျန်းမာစေသော အသီးဟု ညွှန်းဆိုထားပါသည်။

  • အသီးရင့်မှည့်လာပါက ပါးလွှာသော အခွံမာအား ဖြည်းညင်းစွာ ဓားဖြင့်နွှာရသည်။ ရေဖြင့် စင်ကြယ်စွာဆေးကြောပြီးနောက် ဓားဖြင့်ပါးလွှာစွာ လှီးဖြတ်ပါ။ ၎င်းတို့ကို ဆားအနည်းငယ်နှင့် ပျားရည် သို့မဟုတ် သကြားသင့်ရုံထည့်ပြီး တစ်ရက်ခန့် နှပ်ထားပါ။ ချင်းပါးပါးလှီးထည့်ပါက အရသာ ပိုမို ကောင်းမွန်စေပါသည်။ နောက်တစ်နေ့တွင် အရွယ်အစား အသေးအကြီး ပေါ်မူတည်၍ တစ်ပြားမှ နှစ်ပြား တစ်နေ့ သုံးကြိမ် စားပေးခြင်းဖြင့် လေထိုး လေအောင့်ခြင်းကို သက်သာစေပါသည်။ အစာကြေရင်ချောင်စေနိုင်သည်။ အသံကို ကြည်လင်စေပါသည်။
  • နံနက်စာစားပြီးနောက် ချဉ်စော်ကားသီးခြောက် သုံးဖတ် သို့မဟုတ် လေးဖတ်ခန့်ကို ရေနွေးဆူဆူ ခွက်ထဲထည့်၍သောက်ပါ။ အသီးခြောက် ပျော့ပြဲ သွားသည်ထိ ရေနွေးထပ်ဖြည့်ကာ ရေဆာတိုင်းသောက်နိုင်ပါသည်။  (နောက်ဆုံးမှာ ထိုအသီးခြောက် အဖတ်များကိုဝါးစားပါ) ထိုသို့ သောက်ပေး ခြင်းဖြင့် အဆီပိုများနှင့် မကောင်းသော LDL ကိုလက်စထရောများ ကျဆင်း စေပြီး သွေးတိုးရောဂါရှိသူများ၊ နှလုံးအဆီပိတ်သူများ၊ အသည်းရောဂါဝေဒနာရှင်များနှင့် ခန္ဓာကိုယ်တွင်း အဆီများသူတို့ကို    လွန်စွာကောင်းကျိုးပြုပါသည်။ သွေးလည်ပတ်မှုအားလည်း ကောင်းမွန်စေပါသည်။
  • ဆီးအောင့်၊ ဆီးချုပ်၊ ဆီးပုပ်ကျန်သူများအတွက် သတင်းကောင်းလေးပါ။ ချဉ်စော်ကားသီးခြောက် သုံးဖတ် သို့မဟုတ်  လေးဖတ်ခန့်ကို ပြုတ်၍ သောက်ပေးရုံမျှဖြင့် မိနစ် ၂၀ ခန့်အကြာမှာ ဆီးရွှင်ရွှင်သွားနိုင်သည်။ ဆီးများကုန်စင်အောင် သွားလိုက်ရ၍ ပေါ့ပါးလန်းဆန်းမှုကို ခံစားရပါလိမ့်မည်။
  • ရှေးသမားတော်ကြီးများ၏အဆိုအရ-

(က)     ဝက်သားနှင့်မတည့်သောသူများအတွက် ချဉ်စော်ကားသီးကိုပါးပါးလှီး၍ ဝက်သားဖြင့်ရောချက်၊ အန္တရာယ်ကင်းစွာ စားသုံးနိုင်သည်။

            (ခ)       ငါးတန်၊ ငါးမြင်း စသောအဆီများသော ငါးများဖြင့်လည်း အအီပြေ ချက်စားနိုင်သည်။

            (ဂ)       ကြက်၊ ဘဲများဖြင့် ချက်စားလျှင်လည်း လွန်စွာအရသာရှိသည်။

ချဉ်စော်ကားသီးနှင့် ဆေးသိပ္ပံအစွမ်း

ချဉ်စော်ကားသီးထဲတွင် ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ အမျှင်ဓာတ် စသော သက်စောင့်ဓာတ်များအပြင် ပိုတက်စီယမ်၊ ကော့ပါး၊ စီလီနီယမ်၊ ဇင့်၊ မီးစုန်း၊  သံဓာတ်၊  ကယ်စီယမ်၊ မဂ္ဂနီစီယမ်စသော သတ္တုဓာတ်များလည်း ပါရှိနေကြသည်။ အဆီဓာတ်   မဆိုသလောက်ပါရှိသည်။  ထိုသို့ ဗီတာမင်နှင့်သတ္တုဓာတ်တို့ဖြင့်   ပြည့်စုံနေသော ချဉ်စော်ကားသီးကို ဆေးသိပ္ပံနည်းအရ လေ့လာ ကြည့်ရာ ကျန်းမာရေး အစွမ်းသတ္တိများကို အောက်ပါအတိုင်း လေ့လာတွေ့ရှိရပါသည်။

  • လူတစ်ယောက်၏  တစ်နေ့တာ  ဗီတာမင်စီလိုအပ်ချက်ပမာဏကို ချဉ်စော်ကားသီးတစ်လုံးမှ ရရှိနိုင်ပါသည်။  အသီးထဲရှိ  ဗီတာမင်စီက ရောင်ရမ်းနာများကို  သက်သာစေသည့်အပြင် အရေပြားဓာတ်မတည့်ခြင်း ဝေဒနာများကိုလည်း သက်သာ စေပါသည်။
  • ၁၀၀ ဂရမ်အလေးချိန်ရှိသော ချဉ်စော်ကားသီးထဲတွင် ကယ်လိုရီ ၅၇ မျှသာ ပါရှိနေပါသည်။ ထို့ပြင် အသီးထဲတွင် ပြည့်ဝဆီ၊ ဆိုဒီယမ်နှင့် ကိုလက်စထရော အနည်းငယ်သာ ပါရှိနေသည်။ အဆိုပါအချက်အလက်များက ကိုယ်အလေးချိန် လျော့ကျ စေကာ ဘက်စုံကျန်းမာရေးအတွက် ကောင်းကျိုးပြုပေးနိုင်ပါသည်။
  • ချဉ်စော်ကားသီးထဲရှိ Phenolics ဓာတ်က အစာအိမ်ရောင်ရမ်းနာများကို ထိထိရောက်ရောက် ကုသပေးနိုင်စွမ်း ရှိပါသည်။ ထို့ပြင် ၎င်းဓာတ်ကအအေးမိ၊ တုပ်ကွေးရောဂါတို့ကိုလည်း ပျောက်ကင်းစေပါသည်။
  • ကိုယ်ဝန်ဆောင်များ နံနက်အိပ်ရာထ မအီမသာဖြစ်ခြင်းအတွက် ချဉ်စော်ကားသီးကို သကြားဖြင့် စိမ်ထားသော ဖျော်ရည် သောက်ပါ။
  • ယင်နားစာကဲ့သို့သော မသန့်ရှင်းသော အစားအစာများကိုစားမိ၍ အူထဲပိုးဝင်ကာ အူမကြီးအမြှေးရောင်ရမ်းခြင်း သို့မဟုတ်  ဝမ်းသွားခြင်း သို့မဟုတ် ဝမ်းပျက်ခြင်းတို့အတွက် ချဉ်စော်ကားသီးကို ပျားရည်ဖြင့်စိမ်၍စားပေးပါ။
  • ချဉ်စော်ကားသီးထဲရှိ Poly-Phenolic ဓာတ်ပေါင်းစုက ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် စွမ်းဆောင် ပေးပါသည်။ ထိုစွမ်းဆောင်ချက်က ခန္ဓာကိုယ်အတွက် ဘေးဖြစ်စေသော ဖရီးရယ်ဒီကယ်လ်များကို တိုက်ထုတ် ပေးသဖြင့် နှလုံးသွေးကြောရောဂါများနှင့် လေဖြတ်ခြင်းတို့ မဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်ပါသည်။
  • အအေးမိ၍ နှာစေးခြင်း၊ အစာမကြေ ပျို့အန်ခြင်းတို့အတွက် ချဉ်စော်ကားသီးကို ရေနွေးဆူဆူထဲ ထည့်ပြုတ်၍ သောက် သုံးပါ။
  • ချဉ်စော်ကားသီးထဲတွင် ပိုတက်စီယမ်ကြွယ်ဝစွာ ပါရှိနေ၍ သွေးတိုးရောဂါသည်များကို ကောင်းကျိုးပြုပေးပါသည်။
  • ချဉ်စော်ကားသီးက သွေးထဲရှိ မကောင်းသော LDL ကိုလက်စထရောများကို လျှော့ချပေးနိုင်သောကြောင့်လည်း နှလုံးကို  ကျန်းမာစေပါသည်။
  • ချဉ်စော်ကားသီးထဲရှိ Tannins ဓာတ်က အူမကြီးတွင် အဆိပ်အတောက်ဖြစ်စေတတ်သော အမြှေးပါးအကျိအချွဲတို့ကို လျော့ပါးပေးသဖြင့် အူမကြီး ကင်ဆာ မဖြစ်စေတော့ပေ။
  • စိတ်ဖိစီးမှုများသူများ ချဉ်စော်ကားသီးစားပေးပါ။ ချဉ်စော်ကားသီးထဲရှိ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက စိတ်ခံစားမှုကို ပြေလျော့ပေးပါသည်။
  • မျက်စိနာခြင်း၊ လည်ချောင်းနာခြင်း၊ အသည်းရောဂါတို့အတွက် ချဉ်စော်ကားသီးအစေ့ကို ရေစိမ်၍သောက်ပါ။
  • နှလုံးရောဂါရှိသူများ၊ အသက်ရှူလမ်းကြောင်း ပြဿနာရှိသူများ၊ သွေးအားနည်းရောဂါ၊ ပန်းနာရင်ကျပ်၊ အဆုတ်တီဘီ ရောဂါသည်များအနေဖြင့် ချဉ်စော်ကားသီးကို ပုံမှန်စားပေးသင့်ပါသည်။

(မှတ်ချက်) ချဉ်စော်ကားသီးခြောက်တွင် ဖုန်အမှုန်များ ကပ်ငြိနိုင်သောကြောင့် ဦးစွာရေဆေးပြီးမှ သုံးစွဲပါ။ သွေးအားနည်းသူများ နေ့စဉ်မစားသင့်ပေ။ တန်ဆေး လွန်ဘေးဆိုသလို သွေးပေါင်ကျတတ်ပါသည်။   ။

ပေါက်ပေါက်