(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းများအား အများပြည်သူ  ဗဟုသုတရဖွယ် ခမ်းနားထည်ဝါစွာ ခင်းကျင်း ပြသမည်

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းများအား အများပြည်သူ  ဗဟုသုတရဖွယ် ခမ်းနားထည်ဝါစွာ ခင်းကျင်း ပြသမည်

နေပြည်တော်   အောက်တိုဘာ  ၂၇

    ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြခန်းများစီစဉ် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ    နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းတာဝန်(၉)ရပ်ဖြင့် သတ်မှတ်ထားရှိကြောင်း၊   စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများအပြင် ဂုဏ်ပြုယာဉ်များလည်း စနစ်တကျနေရာချထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အထိမ်းအမှတ်ပြခန်းများ ခင်းကျင်းပြသသည့် နေရာတွင် ဝန်ကြီးဌာန ကိုယ်စားပြုပြခန်း ၂၄ ခန်း၊ တိုင်းဒေသကြီး/ပြည်နယ် အထိမ်းအမှတ်ပြခန်း  ၁၅ ခန်း၊ တိုင်းရင်းသားရိုးရာ  အစားအစာပြခန်း ၁၅ ခန်း စုစုပေါင်း ၅၄ ခန်း လျာထား သတ်မှတ်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ပြခန်းများတွင် ဝန်ကြီးဌာန ကိုယ်စားပြုပြခန်းများနှင့် စပ်လျဉ်း၍  ဝန်ကြီးဌာနများအလိုက် သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များ ဗဟုသုတဖြစ်ဖွယ် ပြည့်ပြည့်စုံစုံ၊   ဝေဝေဆာဆာ ခင်းကျင်းပြသနိုင်ရေး၊ တိုင်းဒေသကြီး/ပြည်နယ် ကိုယ်စားပြုပြခန်းများနှင့် စပ်လျဉ်း၍     တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရိုးရာ အထိမ်းအမှတ်များ၊ ယဉ်ကျေးမှုများ၊ ထူးခြားသော ရှေးဟောင်းအမွေအနှစ် လက္ခဏာများ ပြည့်စုံစွာ ခင်းကျင်းပြသနိုင်ရေး ထူးခြားစွာ တိုင်းပြည်ဝင်ငွေ ရရှိစေသော လုပ်ငန်းများ၊ စားနပ်ရိက္ခာ ဖူလုံမှုရှိစေရေး ဆောင်ရွက်ချက်များ၊ အလှပြယာဉ်များနှင့် အတူ အထိမ်းအမှတ်ပြခန်းများအား ယှဉ်တွဲ၍ ခင်းကျင်းပြသ ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများအား အများပြည်သူ ဗဟုသုတရဖွယ် ခမ်းနားထည်ဝါစွာ ခင်းကျင်းပြသနိုင်ရေးအတွက်   မိမိတို့ဌာန/အဖွဲ့အစည်းအလိုက် သတ်မှတ်ချိန်အမီ အားသွန်ခွန်စိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ  အတွင်းရေးမှူး နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက်    ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီး ဦးဝင်းဖေက လုပ်ငန်းတာဝန်များ ဆောင်ရွက်နေမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍   ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးများက တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုယာဉ်များ၊ ပြခန်းများ ပြင်ဆင်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြခန်းများ စီစဉ်ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း  သိရသည်။