နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် သွားနှင့်ခံတွင်းရောဂါ အထူးကုဆေးရုံတွင် အခမဲ့ခွဲစိတ် ကုသမှုဆောင်ရွက်ပေး

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် သွားနှင့်ခံတွင်းရောဂါ အထူးကုဆေးရုံတွင် အခမဲ့ခွဲစိတ် ကုသမှုဆောင်ရွက်ပေး

နေပြည်တော် အောက်တိုဘာ ၂၉

နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် သွားနှင့်ခံတွင်းရောဂါ အထူးကုဆေးရုံ ခွဲစိတ်ကုသဆောင်၌ Japan Heart အဖွဲ့မှ မျက်နှာ၊ မေးရိုး၊ ခံတွင်းခွဲစိတ်ဆရာဝန်  Dr. Naoko KISHI  နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီး ဒေါက်တာခင်မောင် ခေါင်းဆောင်သော သွားနှင့်ခံတွင်းဆရာဝန်   ၁၄ ဦးသည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာလေးဦးကို အောက်တိုဘာ ၂၆ ရက်မှ  ၂၇ ရက်အထိ အခမဲ့ခွဲစိတ် ကုသမှုများကို ဆောင်ရွက်ပေးခဲ့ရာ  လူနာရှင်များအနေဖြင့် ကျေးဇူးတင် ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန  ကုသရေးဦးစီးဌာနနှင့် နားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ရေးထိုးထားသော Japan Heart  အဖွဲ့သည် ၂၀၀၄ ခုနှစ်မှစတင်၍ ဆေးပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှစတင်၍ ပါမောက္ခ Dr. Mikihik KOGO ဦးဆောင်သော ဂျပန်နိုင်ငံမှ မျက်နှာ၊ မေးရိုး၊ ခံတွင်းခွဲစိတ် ဆရာဝန်များနှင့် မြန်မာနိုင်ငံမှ သွားနှင့်ခံတွင်းဆရာဝန် များပူးပေါင်း၍ ယခုအချိန်အထိ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ ၃၀၀ ခန့်အား အခမဲ့ ခွဲစိတ်ကုသမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် သွားနှင့်ခံတွင်းရောဂါ အထူးကုဆေးရုံတွင် သွားနှင့်ခံတွင်း ဆရာဝန်များက မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့ ခွဲစိတ်ကုသမှုများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ဒေသအသီးသီးမှ နှုတ်ခမ်း ကွဲ၊ အာခေါင်ကွဲလူနာရှင်များအနေဖြင့် ခွဲစိတ်ကုသမှု ခံယူလိုပါက အဆိုပါဆေးရုံသို့ လာရောက် ပြသ၍ အခမဲ့ကုသမှု ခံယူနိုင်ကြောင်း သိရသည်။