ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်လက်ရွေးစင် အသင်း၏ ပဏာမကစားသမား ၅၅ ဦးစာရင်းတွင် မန်ယူအသင်းဂိုးသမား ဒီဂီယာ ချန်လှပ်ခံရ

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်လက်ရွေးစင် အသင်း၏ ပဏာမကစားသမား ၅၅ ဦးစာရင်းတွင် မန်ယူအသင်းဂိုးသမား ဒီဂီယာ ချန်လှပ်ခံရ

စပိန်လက်ရွေးစင် အသင်းနည်းပြ   အင်းနရစ်က ၂၀၂၂  ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်မည့် ပဏာမ ကစားသမား ၅၅ ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာ မန်ယူ အသင်းဂိုးသမား ဒီဂီယာ ချန်လှပ်ခံရကြောင်း သိရသည်။

ယခုဘောလုံးရာသီတွင် မန်ယူအသင်းနှင့်အတူ လက်စွမ်းပြနေသည့် ဒီဂီယာအနေဖြင့် နည်းပြ အင်းနရစ်၏ ပဏာမကစားသမား  ၅၅ ဦးစာရင်းမှ အံ့အားသင့်ဖွယ် ချန်လှပ်ခံခဲ့ရပြီး    ၎င်း၏စွမ်းဆောင်ရည်လောက်ပင် ကောင်းမွန်ခြင်းမရှိသည့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ဂိုးသမားနှစ်ဦး ပါဝင်လာခဲ့ခြင်းဖြစ်သည်။

လက်ရှိ နည်းပြအင်းနရစ် ရွေးချယ်ခဲ့သည့် ပဏာမ ကစားသမား ၅၅ ဦးစာရင်းတွင် ဂိုးသမားနေရာ၌ ဦးစားပေး ဂိုးသမားသုံးဦးအဖြစ် ဘီလ်ဘာအိုအသင်းမှ ဆိုင်မွန်၊ ဘရိုက်တန်အသင်းမှ  ဆန်းချက်ဇ်နှင့် ဘရန့်ဖို့ဒ်အသင်းမှ ဒေးဗစ်ရေယာတို့ကို ရွေးချယ်ခဲ့ပြီး ချယ်လ်ဆီးအသင်းနှင့် အကောင်းဆုံး လက်စွမ်းပြသလျက်ရှိသည့် ကီပါနှင့် ဂီတာဖေးအသင်းမှ ဆိုရီယာတို့အနေဖြင့် ဦးစားပေးဂိုးသမား သုံးဦး မပါဝင်နိုင်မှသာ အစားထိုး ဝင်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

အသက် ၃၁ နှစ်အရွယ် ဂိုးသမား ဒီဂီယာသည် ၂၀၁၄ ခုနှစ်မှစတင်ပြီး စပိန်အသင်းတွင် ရွေးချယ်ခံခဲ့ရသော်လည်း နည်ပြအင်းနရစ်လက်အောက်တွင် ဒုတိယဦးစားပေး ဂိုးသမားအဖြစ်သာ ပါဝင်ခဲ့ရပြီး ယခုအခါ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် နိုင်ငံတကာပြိုင်ပွဲနှင့် လွဲချော်မည်ဖြစ်သည်။

နည်းပြအင်းနရစ်က ပဏာမ ကစားသမားစာရင်းကို စပိန်ဘောလုံးအဖွဲ့ချုပ်ထံ  ပေးပို့ထားပြီးဖြစ်ကာ အဆိုပါ ပဏာမကစားသမား ၅၅ ဦးမှ  အပြီးသတ်ကစားသမား ၂၆ ဦးကို စိစစ်ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။