ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် အပြစ်မဲ့ပြည်သူအမျိုးသမီးတစ်ဦးအား ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် တရားခံများအား ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် အပြစ်မဲ့ပြည်သူအမျိုးသမီးတစ်ဦးအား ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် တရားခံများအား ဖမ်းဆီးရမိ

နေပြည်တော်၊ အောက်တိုဘာလ ၃၁ ရက်

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၊ အစွန်းရောက် NLD ပါတီဝင်များသည်  နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများ အပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊  အများပြည်သူပိုင် အဆောက်အဦများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ညောင်နီကုန်းကျေးရွာ အနီး၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးလျက်ရှိသည့် အမျိုးသမီးတစ်ဦး၏အလောင်းအား တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါသေဆုံးနေသည့်အမျိုးသမီးမှာ လက်ပံတန်းမြို့၊ မအူကုန်းရပ်ကွက်၊ ကံကြီးလမ်းရှိ 152 KTV ဆိုင်မှ ဝန်ထမ်း မနွယ်နီ(ခ)ယိမ်း ဖြစ်ကြောင်းသိရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြစ်မှုကျူးလွန်ခဲ့သည့် တရားခံများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၂၉ ရက်တွင် လက်ပံတန်းမြို့၊ မအူကုန်းရပ်ကွက်၊ သုဝဏ္ဏလမ်းနေ 152 KTV ဆိုင်နှင့် ရွှေလက်ရာ စားသောက်ဆိုင်ပိုင်ရှင် မြတ်မင်းပိုင်(ခ)ဝင်းထွဋ်အောင် အား Sig Sauer ပစ္စတို ၁ လက်၊ ခြောက်လုံးပြူးလေသေနတ် ၁ လက်၊ ကျည်မျိုးစုံ ၂၂၁ တောင့်၊ စကားပြောစက် ၁၆ လုံး၊ လက်ကိုင်ဖုန်း ၇ လုံး၊ မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းပိုင်ဆိုင်သည့် မင်းရပ်ရပ်ကွက်၊  အမှတ်(၃)လမ်းရှိ ရွှေလက်ရာစားသောက်ဆိုင်မှ လက်ပစ်ဗုံး ၈ လုံး၊ မှန်ပြောင်း ၁ ခု၊ စကားပြောစက် ၆ လုံး၊ လက်ထိပ် ၁ ခုတို့အား ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

 

ဖမ်းဆီးရမိတရားခံ မြတ်မင်းပိုင်(ခ)ဝင်းထွဋ်အောင်၏ ဖော်ထုတ်ချက်အရ ၎င်းနှင့်အတူပြစ်မှုကျူးလွန်ခဲ့သည့် သက်ထွန်းအောင်(ခ)အောင်လေး၊ သူရဦး၊ နေလင်းအောင်နှင့် စန်းမင်းအောင်တို့အား အောက်တိုဘာလ ၃၀ ရက် ညနေပိုင်းတွင် လက်ပံတန်းမြို့၊ မအူကုန်းရပ်ကွက်၊ ကံကြီးလမ်းရှိ 152 KTV ဆိုင်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်ခဲ့သည့် တရားခံ ကျား ၅ ဦးအား Sig Sauer ပစ္စတို ၁ လက်၊ ခြောက်လုံးပြူးလေသေနတ် ၁ လက်၊ ကျည်မျိုးစုံ ၂၂၁ တောင့်၊ လက်ပစ်ဗုံး ၈ လုံး၊ မှန်ပြောင်း ၁ ခု၊ စကားပြောစက် ၂၂ လုံး၊ လက်ထိပ် ၁ ခု၊ လက်ကိုင် ဖုန်း ၇ လုံး၊ မော်တော်ယာဉ် ၁ စီး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မြတ်မင်းပိုင်(ခ)ဝင်းထွဋ်အောင်သည် NLD ပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လက်ပံတန်း မြို့နယ်၌ NLD ပါတီအောင်နိုင်ရေးအတွက် ဦးဆောင်စည်းရုံးဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်ကြောင်း၊ NLD အစိုးရကာလ ၂၀၁၆ ခုနှစ်တွင် လက်ပံတန်းမြို့၌ 152 KTV ဆိုင်အား တရားမဝင်ဖွင့်လှစ်၍ရရှိသော ငွေကြေးအကျိုးအမြတ်များအား လက်ပံတန်းမြို့နယ် NLD ပါတီအတွက် ထောက်ပံ့ပေးခြင်းနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီအောင်နိုင်ရေးအတွက် ထောက်ပံ့ပေးမှုများဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံ မြတ်မင်းပိုင်(ခ)ဝင်းထွဋ်အောင် သည် ၎င်းပိုင်ဆိုင်သည့် 152 KTV ဆိုင်၌ နေ့စဉ်အရက်သေစာ သောက်စားကာ မူးယစ်လာပါက ဆိုင်ရှိ အမျိုးသမီးဝန်ထမ်းများအား ခေါ်ယူ၍ နည်းမျိုးစုံဖြင့် နှိပ်စက်ညှင်းပန်းလေ့ရှိပြီး အခြားသူများအားပြောကြားပါက သတ်ပစ်မည်ဟု အမြဲခြိမ်းခြောက် ပြောဆိုလျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလ  ၂၆ ရက် ညပိုင်းတွင် တရားခံ မြတ်မင်းပိုင်(ခ)ဝင်းထွဋ်အောင်သည် 152 KTV ဆိုင်ရှိ သီးသန့်အခန်း၌ အရက်သေစာ သောက်စားကာ ဆိုင်ဝန်ထမ်း မနွယ်နီ(ခ)ယိမ်း၏ ဦးခေါင်းပေါ်တွင် ရေသန့်ဗူးတင်၍ ပစ္စတိုဖြင့်ပစ်ခတ်ခဲ့ရာ မနွယ်နီ(ခ)ယိမ်း၏ ဝဲဘက်နားထင်အား ကျည်ထိမှန်ခဲ့ကြောင်း၊ မနွယ်နီ(ခ)ယိမ်းသည် သွေးအိုင်ထဲ၌လဲ၍ သတိလစ်မေ့မျောနေစဉ် သေဆုံးပြီဟုယူဆ၍ အလောင်းအားဖျောက်ဖျက်ရန် 152 KTV ဆိုင်မှ ဝန်ထမ်းများဖြစ်သော သက်ထွန်းအောင်(ခ) အောင်လေး၊ သူရဦး၊ နေလင်းအောင်တို့နှင့်အတူ ၎င်းပိုင်ဆိုင်သည့် လင်ခရူဇာ(အဖြူရောင်) ယာဉ်အမှတ်၊ YGN 7G/8887 ပေါ်သို့တင်ဆောင်၍ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ညောင်နီကုန်း ကျေးရွာဘက်သို့ထွက်ခွာခဲ့ကြောင်း၊ 152 KTV ဆိုင်မှ ဝန်ထမ်း စန်းမင်းအောင်သည် လူသတ်မှုကျူးလွန်ခဲ့သည့် သဲလွန်စများအား မကျန်စေရန် ဖျောက်ဖျက် လုပ်ဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

တရားခံ မြတ်မင်းပိုင်(ခ)ဝင်းထွဋ်အောင် အပါအဝင်  ၄ ဦးသည် ညောင်နီကုန်း ကျေးရွာအနီးသို့ အောက်တိုဘာလ ၂၆ ရက် နံနက် ၀၄၀၀ နာရီခန့်တွင် ရောက်ရှိခဲ့ပြီး  အလောင်းအားဖျောက်ဖျက်ရန် လုပ်ဆောင်နေစဉ် မနွယ်နီ(ခ)ယိမ်းမှာ ပြန်လည်သတိရ လာသဖြင့် သက်ထွန်းအောင်(ခ)အောင်လေးမှ အသင့်ပါလာသော ပစ္စတိုဖြင့် ဦးခေါင်းအား ထပ်မံပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အလောင်းအား ရန်ကုန် - ပြည်ကားလမ်း မိုင်တိုင်အမှတ်၊ ၉၄/၆ နှင့် ၉၄/၇ အကြား ချုံပုတ်အတွင်း၌ ဝှက်ထားခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်၍ အပြစ်မဲ့ပြည်သူတစ်ဦးအား အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ် ခဲ့သည့် ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုများနှင့် ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်လုပ်ဆောင်သူများအား သိရှိရပါက သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။