PDF အကြမ်းဖက်အဖွဲ့များထံ ဆေးဝါးပစ္စည်းများ ထောက်ပံ့ ပို့ဆောင်ပေးနေသည့် တရားခံများအား ထောက်ပံ့ရေးပစ္စည်းများနှင့်အတူဖမ်းဆီးရမိ

PDF အကြမ်းဖက်အဖွဲ့များထံ ဆေးဝါးပစ္စည်းများ ထောက်ပံ့ ပို့ဆောင်ပေးနေသည့် တရားခံများအား ထောက်ပံ့ရေးပစ္စည်းများနှင့်အတူဖမ်းဆီးရမိ

နေပြည်တော်၊ အောက်တိုဘာလ ၃၁ ရက်

          အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက် အဖွဲ့များအား အားပေးကူညီလျက်ရှိသော လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်၍ ပြည်တွင်း/ပြည်ပမှ အစွန်းရောက် အကြမ်းဖက်ထောက်ခံသူများထံမှ ငွေကြေးများကောက်ခံကာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်း များအား အကြမ်းဖက် အဖွဲ့များထံသို့ နည်းမျိုးစုံသုံး၍ ပေးပို့လျက်ရှိကြောင်းအား အကြမ်းဖက်မှုကို မလိုလားသော တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးတိုင်ကြားမှုကြောင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် ပုလဲ-ဂန့်ဂေါသွား ကားလမ်းဆုံ၌ PDF အမည်ခံအကြမ်းဖက် အဖွဲ့ဝင်များထံ ထောက်ပံ့မည့် တရားမဝင် ဆေးဝါးနှင့် ဆေးပစ္စည်းများတင်ဆောင်၍ ယာဉ်မောင်း ကျော်လွင်ထက်(ခ) သားသား မောင်းနှင်ပြီး ယာဉ်နောက်လိုက် ခွာကျဲအို လိုက်ပါလာသည့် ၆ ဘီးယာဉ်ပေါ်မှ မေ့ဆေးစက် ၁ လုံး၊ ဆေးပစ္စည်းမျိုးစုံ ကတ်ထူဖာ ၂၅ ဖာ၊ လျှပ်စစ်ပစ္စည်းဖာ ၁၄ ဖာ၊ အဝတ်အထည်အိတ် ၂၀ အိတ်၊ အခြားလူသုံးကုန်ပစ္စည်းမျိုးစုံ ၃၇ ဖာ (စုစုပေါင်း ကာလတန်ဖိုး ၄၈ သိန်းခန့်)တို့အား သိမ်းဆည်းရမိခဲ့သည်။

          ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ PDF အကြမ်းဖက်အဖွဲ့များ ထံသို့ ပို့ဆောင်မည့် ဆေးပစ္စည်းများအား အောင်မြေသာစံမြို့နယ်၊ ရွှေမေတ္တာကားဂိတ်တွင် သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် လုံခြုံရေးပူးပေါင်း အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ PDF အကြမ်းဖက်အဖွဲ့များထံ ထောက်ပံ့ပေးမည့် ပစ္စည်းများအား လက်ခံထားရှိသည့် ညီညီလှိုင်(ဂိတ်စာရေး)၊ စိုးဝင်းထွန်း(ဂိတ်မှူး)၊ ဝေလင်းဦး (ယာဉ်မောင်း)တို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားမဝင် ဆေးပစ္စည်းမျိုးစုံ ၈၆ ဖာအား ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

          အလားတူ တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ အောက်တိုဘာလ ၂၉ ရက် ညပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ထီးလင်း PDF အကြမ်းဖက်အဖွဲ့အား ထောက်ပံ့ပေးနေသူ ဇင်မာဝင်း(ခ)သူဇာ (မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ CDM -သူနာပြု)အား ချမ်းမြသာစည်မြို့နယ်၊ ပတ်ကုန်းဝန်းကျင် ရပ်ကွက်ရှိ “နန်းတော်” ပုဂ္ဂလိက ဆေးရုံအနီး၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ အကြမ်းဖက်အဖွဲ့များထံ ဆေးဝါးထောက်ပံ့မှုများ ပြုလုပ်နေသော ဆက်စပ်တရားခံများ တိမ်းရှောင် နေထိုင်လျက်ရှိသည့် ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ အမှတ်(၁၃)နေအိမ်အား လုံခြုံရေး ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ရာ ပိုးသန္တာအောင်(မန္တလေးဗဟိုအမျိုးသမီးဆေးရုံမှ CDM – သားဖွားဆရာမ)၊ မင်းဇော်ဦး(ခ)နေမျိုးဦး၊(မန္တလေးဆေးတက္ကသိုလ် ခွဲစိတ်ဌာနမှ  ကထိက/CDM ဆရာဝန်)၊ ကြည်သဒ္ဒါဖြူ၊ ယွန်းနန္ဒာထွန်း (ကုတင်- ၃၀၀ သင်ကြားရေး ဆေးရုံ၊ CDM - သူနာပြု)တို့ ၄ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

          အထက်ပါဖြစ်စဉ်တွင် တရားခံ ကျား ၄ ဦး မ ၄ ဦး ပေါင်း ၈ ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး မေ့ဆေးစက် ၁ လုံး၊ ဆေးပစ္စည်းမျိုးစုံ ကတ်ထူဖာ ၁၁၁ ဖာ၊ လျှပ်စစ်ပစ္စည်းဖာ ၁၄ ဖာ၊ အဝတ်အထည်အိတ် ၂၀ အိတ်၊ အခြားလူသုံးကုန်ပစ္စည်း မျိုးစုံ ၃၇ ဖာ တို့အား သိမ်းဆည်းရမိခဲ့သည်။

          ဖမ်းဆီးရမိတရားခံ မင်းဇော်ဦး(ခ)နေမျိုးဦး၏ ထွက်ဆိုချက်အရ ၎င်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်တွင် မန္တလေးဆေးတက္ကသိုလ်၊ ကထိက(ခွဲစိတ်)ရာထူးမှ CDM ပြုလုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ဖမ်းဆီးရန်ကျန်တရားခံ ခိုင်မာလာနှင်းဆီ (မန္တလေးမြို့၊ စည်ပင်သာယာရေး ဦးစီးဌာနမှ CDM-အင်ဂျင်နီယာ)၏ စည်းရုံးမှုဖြင့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ အကြမ်းဖက် အဖွဲ့ဝင်များအား တရားမဝင် ဆေးကုသရန်နှင့် ထောက်ပံ့မှုများပြုလုပ်ရန် ပိုးသန္တာအောင်၊ ယွန်းနန္ဒာထွန်း၊ ကြည်သဒ္ဒါဖြူ၊ ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သော ထက်ကို၊ အောင်နိုင်ဦး၊ ဇင်ကိုမောင် တို့နှင့်အတူ မန္တလေးမြို့မှ မင်းတပ်မြို့နယ်သို့ ထွက်ခွာခဲ့ပြီး မင်းတပ်မြိို့နယ်၊ ဝမ္မသူးတိုက်နယ်ဆေးရုံ၌ အခြေပြုကာ CDF(မင်းတပ်)အကြမ်းဖက် အဖွဲ့များအား တရားမဝင်ဆေးဝါးကုသပေးခြင်းနှင့် ထောက်ပံ့ခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း ၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ(တတိယပတ်)တွင် မင်းဇော်ဦး(ခ)နေမျိုးဦး၊ ပိုးသန္တာအောင် နှင့် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သော ခိုင်မာလာနှင်းဆီ၊ ထက်ကို၊ အောင်နိုင်ဦး တို့ ၅ ဦးသည် ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဖလိုင်ကျေးရွာသို့ သွားရောက်၍ ပတ်ဝန်းကျင်ကျေးရွာများရှိ PDF အကြမ်းဖက်အဖွဲ့ဝင်များအား တရားမဝင် ဆေးဝါးကုသခြင်းနှင့် ထောက်ပံ့ခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

          ဖမ်းဆီးရမိတရားခံ ပိုးသန္တာအောင် ၏ထွက်ဆိုချက်အရ ဂန့်ဂေါကျန်းမာရေး ဌာနမှ CDM ပြုလုပ်ထားသည့် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သော ယုနန္ဒာမြင့်၊ ဝင်းဟေမာအေး တို့နှင့်အတူ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ဂန့်ဂေါ PDF အဖွဲ့ဝင် ဝေလေး(ခ)ညီညီနှင့် ကျော်ကိုကိုတို့     အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ဟေလယ်ကျေးရွာ၊ အိမ်သစ် ကျေးရွာ၊ လီလင်းကျေးရွာ၊ ပန်ထိပ်ကျေးရွာများတွင် ဖွင့်လှစ်သည့် PDF အကြမ်းဖက်ဖောက်ခွဲရေး သင်တန်းများ၌ ဆေးဝါးကုသမှုဆိုင်ရာ သင်တန်းပို့ချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။   

          ဖမ်းဆီးရမိတရားခံ မင်းဇော်ဦး(ခ)နေမျိုးဦးသည်  မင်းတပ်မြို့နယ်အတွင်းရှိ PDF အကြမ်းဖက် အဖွဲ့များအား ဆေးဝါးနှင့် ရိက္ခာများထောက်ပံ့ပေးနိုင်ရေး အကြောင်းပြချက်ဖြင့် အလှူငွေများကောက်ခံခဲ့ရာ CDM ဆရာဝန်များဖြစ်သော ဒေါက်တာ မောင်မောင်ငြိမ်းထွန်း(ကွယ်လွန်)၊ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော ဒေါက်တာ မိုးသီတာလင်း(နား၊ နှာခေါင်း ဆေးရုံကြီး-မန္တလေး)၊ ဒေါက်တာ စန်းကြူကြူအေး (ကထိက၊ မန္တလေးဆေးတက္ကသိုလ်)၊ ဒေါက်တာ သော်ဇင်မျိုး (မန္တလေးပြည်သူ့ဆေးရုံ)၊ ဒေါက်တာ အိနန္ဒာခင် (ဗဟိုအမျိုးသမီးဆေးရုံ)၊ ဒေါက်တာ ခင်မာလာဝင်း (CDM- ခွဲစိတ်အထူးကု၊ မန္တလေးဆေးရုံ)၊ ဒေါက်တာ စိုခွီရှိန်း၊ ဒေါက်တာ သိန်းနိုင်၊ ဒေါက်တာနေလင်းဖြိုး၊ ဒေါက်တာ တောက်ထိန်၊ ဒေါက်တာ စီစီမြင့်၊ ဒေါက်တာ ကိုကိုခိုင်၊ ထွန်းအောင်၊ NUG အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ဇော်ဝေစိုး မှ ထည့်ဝင်ငွေ၊ ပြည်ပရောက်အလှူရှင်များထံမှ လှူဒါန်းငွေများအပါအဝင် စုစုပေါင်းငွေကျပ်သိန်း ၂၉၀၀ ခန့်အားရရှိခဲ့ပြီး ၎င်းငွေကြေးများအား ပိုးသန္တာအောင်၏ ဘဏ်အကောင့်နှင့် Kpay အကောင့်များမှတဆင့် လက်ခံမှုများပြုလုပ်ခဲ့ကြောင်း၊ အဆိုပါရရှိငွေကြေးများဖြင့် ပိုးသန္တာအောင် နှင့် ဇင်မာဝင်း(ခ)သူဇာတို့သည် တရားမဝင်ဆေးဝါးများဝယ်ယူ၍ PDF အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့ပေးခြင်း၊ ကိုယ်ရေးကိုယ်တာကိစ္စများတွင် အသုံးပြုခြင်းများပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

           ဖမ်းဆီးရမိတရားခံ ပိုးသန္တာအောင်သည် ဆေးဝါးများအား ချမ်းမြသာစည် မြို့နယ်ရှိ သက်ဝေစိုးဆေးဆိုင်၊ ဈေးချိုရှိ ဦးလှတင့် ဆေးဆိုင်၊ ချမ်းအေးသာဇံမြို့နယ်ရှိ ဦးဟန်တင်ဆေးဆိုင်၊ စုမြတ်ဆေးဆိုင်၊ Power ဆေးဆိုင်တို့မှ ဆေးဝါးများအားဝယ်ယူ၍ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော  ဇင်ကိုမောင် နှင့် ဂန့်ဂေါမြို့နယ်ရှိ ဇာနည်မောင် တို့ထံသို့ ပို့ဆောင်ခဲ့ပြီး ၎င်းမှတစ်ဆင့် ပခုက္ကူမြို့ရှိ PDF အကြမ်းဖက်အဖွဲ့များထံသို့ ၄ ကြိမ်ခွဲ၍ ထောက်ပံ့ပေးခဲ့ကြောင်း၊ ထို့အပြင် ရွှေဇီဝဆေးဆိုင်နှင့် ကွန်ကောဒီးယား ဆေးရုံသုံးပစ္စည်းအရောင်းဆိုင်များမှ ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် မေ့ဆေးစက်တို့အား ဝယ်ယူ၍ PDF အကြမ်းဖက်အဖွဲ့များထံ ထောက်ပံ့နိုင်ရေးအတွက် ရွှေမေတ္တာကားဂိတ် မှတစ်ဆင့် ပို့ဆောင်မှုများရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

          သို့ဖြစ်ပါ၍ ဖမ်းဆီးရမိ တရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့် ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန် အပ်ပါသည်။