နိုဝင်ဘာလမှ စတင်ကာ  Pilot Project  ဖြင့်  နေပြည်တော်အတွင်းရှိ ဌာနကြီးများနှင့် ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများအား ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူသွားမည်

နိုဝင်ဘာလမှ စတင်ကာ  Pilot Project  ဖြင့်  နေပြည်တော်အတွင်းရှိ ဌာနကြီးများနှင့် ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများအား ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူသွားမည်

 နေပြည်တော် အောက်တိုဘာ ၃၁

ဝန်ကြီးဌာန၏ မြို့နယ်ရုံး အသီးသီးရှိ နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ်   (နိုင်-၄) ပါလူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် ၅၂ သန်းကျော်နှင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆)ပါ အချက်အလက် ၁၃ သန်းကျော်အား နည်းပညာ အသုံးပြု၍ ရုံးချုပ်  Server  သို့ ထည့်သွင်းကာ ဆိုက်ဘာလုံခြုံရေး အစီအမံများဖြင့် ထိန်းသိမ်းထားရှိပြီး ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် e-IDစနစ် လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစဉ်တစ်ခုဖြစ်သော ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင်  ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားစဉ် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ e-Government  စနစ်အတွက် အခြေခံအကျဆုံး ဖြစ်သည့် e-ID စနစ်၏ လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သော ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူရေးသည် အဓိကကျသည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊  မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် အီလက်ထရွန်နစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်း (e-ID) ဆိုသည်မှာ နိုင်ငံအတွင်း နေထိုင်သူ အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်(PR) ဖြင့်ခွင့်ပြုသူ၊ အမြဲနေ အခွန်ဆောင်နိုင်ငံခြားသား  စသည်တို့၏ Biographic Data နှင့် Biometric Data များကောက်ယူ၍ Database  တွင်သိမ်းဆည်းပြီး ဂဏန်း ၁၀ လုံးပါဝင်သည့်  Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်သည့် လုပ်ငန်းဖြစ်ကြောင်း၊ ယခုအခါ  Database  Server အတွင်း တိုင်းဒေသကြီး/ပြည်နယ်အလိုက် Biographic ထည့်သွင်းခြင်း ဆောင်ရွက်သကဲ့သို့ ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူသည့် လုပ်ငန်းစဉ်အား ဆက်လက်ဆောင်ရွက် ရမည်ဖြစ်သည့်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း။

သင်တန်းသားများအနေဖြင့် သင်တန်းပြီးဆုံးသည်နှင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှုအဖြစ်  Enrollment Devices  ၁၂  စုံ အသုံးပြု၍ လာမည့်နိုဝင်ဘာလမှ စတင်ကာ Pilot Project ဖြင့် နေပြည်တော်အတွင်းရှိ ဌာနကြီးများနှင့် ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများအား ဇီဝဆိုင်ရာ အချက်အလက်  (Biometric)  ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ပြီးနောက်ပိုင်းတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် သတ်မှတ်မြို့နယ်များတွင် ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည့်အတွက် သင်တန်းသားများ အနေဖြင့် သင်တန်းမှ ပို့ချချက်များကို အလေးဂရုပြုမှတ်သား ဆောင်ရွက်၍ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိသည့် အချိန်တွင် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် e-ID စနစ်၏ အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ကို ဆောင်ရွက်နိုင်ရန် ယခုသင်တန်းမှ ပို့ချချက်များကို အလေးထား မှတ်သားလိုက်နာ ဆောင်ရွက်ကြရန်နှင့် မရှင်းလင်းသည့် အချက်များရှိပါက ပွင့်ပွင့်လင်းလင်း မေးမြန်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ရှင်းလင်း ပြောကြားသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းခန်းမအတွင်း သင်တန်းသား၊ သင်တန်းသူများကို ဇီဝဆိုင်ရာ အချက်အလက်  (Biometric) ကောက်ယူခြင်း လုပ်ငန်းစဉ်များ လက်တွေ့ပို့ချဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

အဆိုပါသင်တန်းသို့ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးနှင့် ရုံးချုပ်တို့မှ သင်တန်းသား၊ သင်တန်းသူ ၅၇ ဦးတက်ရောက်ကြ၍  သင်တန်းကို  ငါးရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး     သင်တန်းပြီးဆုံးပါက နေပြည်တော်အတွင်းရှိ ဌာနကြီးများနှင့် ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများကို ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။