ASOCIO မှ ချီးမြှင့်သည့် Digital Government Award  ဆုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ရရှိ

ASOCIO မှ ချီးမြှင့်သည့် Digital Government Award  ဆုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ရရှိ

နေပြည်တော် အောက်တိုဘာ ၃၁

စင်ကာပူနိုင်ငံ Resorts World Sentosa Convention Centre  ၌ အောက်တိုဘာ ၂၈ ရက်တွင် ကျင်းပသည့် အာရှနှင့် သမုဒ္ဒရာဒေသရှိ သတင်းအချက်အလက် နည်းပညာဆိုင်ရာ အသင်းချုပ် Asian-Oceanian Computing   Industry Organization (ASOCIO)  Digital Summit 2022 သို့ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်တစ်ဦး တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် Digital Trust Forum ကိုကျင်းပရာ ဒေသတွင်းနှင့် နိုင်ငံတကာမှ IT  ပညာရှင်များ၊ တက္ကသိုလ်များမှ ပညာရှင်များ၊  နည်းပညာ အသုံးပြုသည့် ကုမ္ပဏီတို့မှ CEO, CFOနှင့် တာဝန်ရှိသူများက နည်းပညာဆိုင်ရာ ယုံကြည်မှုအပေါ်ခေါင်းစဉ် ၁၄ ခုဖြင့် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ Summit  ၏ ညပိုင်း Gala Dinner တွင် ASOCIO Digital Government Award 2022  ကို ပေးအပ်ချီးမြှင့်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့်    လူမှုရေး သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်  Social Management Information System(SMIS)၏ ကဏ္ဍတစ်ခုဖြစ်သော    လူမှုဖြစ်ရပ်စီမံခန့်ခွဲမှု သတင်းစနစ် (Case Management Information System-CMIS)ကို ကာကွယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်တို့၏ ပံ့ပိုးကူညီမှုဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဝန်ကြီးဌာန အနေဖြင့် ASOCIO Digital Gover-nment Award 2022 ကိုရရှိခဲ့ရာ ဝန်ကြီးဌာနကိုယ်စား    လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ဆုလက်ခံရယူခဲ့ကာ ဆုလက်ခံအပြီးတွင် ASOCIO  အသင်းချုပ်၏ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ကျင်းပသည့်    ASOCIO  Digital  Summit တွင်   နိုင်ငံပေါင်း ၁၄ နိုင်ငံက Digital Government Award    အပါအဝင် ဆုပေါင်း ၅၄ ခု ပေးအပ်ခဲ့ကြောင်း သိရသည်။

CMIS Software Platform သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ဘက်စုံလူမှုကာကွယ် စောင့်ရှောက်ရေး အစီအစဉ်အတွင်း ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များ၊ ဥပဒေနှင့်ငြိစွန်းလျက်ရှိသော ကလေးသူငယ်များ၊ ရုပ်ပိုင်းဆိုင်ရာနှင့်  လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား ပြုခြင်း ခံရသူ ကလေးသူငယ်များ၊ ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ ကိစ္စရပ်များ၊ လူကုန်ကူးခံရသူ ကလေးသူငယ်များနှင့် အမျိုးသမီးများ၏ ဖြစ်ရပ်များအား လူမှုရေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများ ဆောင်ရွက်လျက်ရှိပြီး အစိုးရ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဖြစ်ရပ်စီမံခန့်ခွဲသူများ စနစ်တကျ သုံးစွဲနိုင်ရန် ရေးဆွဲထားသော Digital Platform ဖြစ်၍ လူမှုရေးရာ ဖြစ်ရပ် စီမံခန့်ခွဲမှုစနစ်ပါ လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်နိုင်ပြီး ဖြစ်ရပ်များ လွှဲပြောင်း ချိတ်ဆက်နိုင်ခြင်း၊ ဖြစ်ရပ်အလိုက် မှတ်တမ်းတင်နိုင်ခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ ကာကွယ်စောင့်ရှောက်နိုင်ခြင်း  စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။