ကုန်းကြမ်းမြို့နယ်ရှိ ရှားယွီထန် - ရှန်ယွီထန် ကျေးရွာချင်းဆက်ကျောက်ချောလမ်း ၄၀ ရာခိုင်နှုန်းပြီးစီး

ကုန်းကြမ်း၊ ဒေသဖွံ့ဖြိုးရေး 

ကုန်းကြမ်းမြို့နယ်ရှိ ရှားယွီထန် - ရှန်ယွီထန် ကျေးရွာချင်းဆက်ကျောက်ချောလမ်း ၄၀ ရာခိုင်နှုန်းပြီးစီး

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းမြို့နယ်ရှိ ရှားယွီထန်-ရှန်ယွီထန် ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းများ ၄၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းထံမှ သိရသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းမြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဖြစ်သော ရှားယွီထန်-ရှန်ယွီထန်ကျေးရွာ ချင်းဆက် မြေသားလမ်းအား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၂၁၂ ဒသမ ၇၄၃သန်းဖြင့် တင်ဒါအောင်မြင်သည့် Civil Crown ကုမ္ပဏီက ယခုနှစ် ဇူလိုင်လက လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၄၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်။

“ကုန်းကြမ်းမြို့နယ်တောင်ပေါ်ကျေးရွာတွေက ဒေသခံပြည်သူတွေ ရာသီမရွေး သွားလာအသုံးပြုနိုင်စေဖို့အတွက် ကျေးရွာချင်းဆက် မြေသားလမ်းတွေကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးတာပါ။ နယ်စပ်ဒေသမှာရှိတဲ့ကျေးရွာတွေမှာ လမ်းပန်းဆက်သွယ်ရေးတွေ တိုးတက်ကောင်းမွန်လာတဲ့အတွက် ဒေသခံပြည်သူတွေ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေဖို့လည်း အကျိုးပြုစေမှာဖြစ်ပါတယ်” ဟု ဦးကျော်စွာဝင်းက ပြောသည်။

ကျေးရွာချင်းဆက် မြေသားလမ်းကို ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် အရှည် ၁ မိုင် ၄ ဖာလုံ၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၄ လက်မ ဖြစ်ကြောင်း၊ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါ ကျေးရွာများမှထွက်ရှိသော စိုက်ပျိုးရေး ထွက်ကုန် ပစ္စည်းများကို လွယ်ကူစွာတင်ပို့ ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။        

ကျော်ဇောဦး(မောရှမ်းမြေ)