ကျိုက်မရောမြို့နယ်၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှကြီးမှူး၍ ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်

ကျိုက်မရောမြို့နယ်၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှကြီးမှူး၍ ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်

ကျိုက်မရော၊ ယဉ်ကျေးမှု

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) မှ ကြီးမှူးဖွင့်လှစ်သော ယဉ်ကျေးလိမ္မာသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲကို အောက်တိုဘာ ၃၀ ရက်က  ရှင်စောပုရပ်ကွက်(၂)ရှိ မေသရဖူလူမှုရေး အသင်းရုံးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ဥက္ကဋ္ဌ ဦးအေးအောင်က မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ယဉ်ကျေးလိမ္မာပြီး ဘာသာတရားကို ငယ်စဉ်မှစ၍ သိရှိနားလည် တန်ဖိုးထားလေးစားတတ်စေရန်နှင့် ၃၈ ဖြာမင်္ဂလာတရားကို သိရှိနားလည်လိုက်နာတတ်စေရန်၊ မိမိကအစသိရှိပြီး သူတစ်ပါးကိုလည်း ယဉ်ကျေးလိမ္မာသည့် အပြုအမူများ ပြန်လည်မျှဝေ ပေးတတ်စေရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ယခုကဲ့သို့ ယဉ်ကျေး လိမ္မာသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ယဉ်ကျေးလိမ္မာ သင်တန်းကို အောက်တိုဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အထိ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ သင်တန်းနည်းပြဆရာ၊  ဆရာမသုံးဦးတို့က   သင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။ 

ယင်းသင်တန်းသို့ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၆ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

ချမ်းမြေ့