ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိ

နေပြည်တော်  အောက်တိုဘာ  ၃၁

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိ

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၉၁ ဦးတွေ့ရှိကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင် ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၃၀-၁၀-၂၀၂၂ ရက်   ည ၈ နာရီမှ ၃၁-၁၀-၂၀၂၂ ရက် ည ၈ နာရီ အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၈၈၁၅ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၉၁ ဦးတွေ့ရှိရ သဖြင့်  ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ၁ ဒသမ ၀၃ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၉၄၁၁၄၂၈ ခုအားစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၆၃၁၇၁၆ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိကုသမှုပေးခြင်းများ ဆောင်ရွက် ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၁၃၄ ဦးရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၆၀၅၇၃၁ ဦး ရှိပြီဖြစ်သည်။   ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၄၈၂ ဦးရှိသည်။

မြန်မာနိုင်ငံတွင် ၂၈-၁-၂၀၂၂ ရက်မှ ၁၅-၁၀-၂၀၂၂ ရက်အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများနှင့် သေဆုံးသူများ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားရှိမှုအခြေအနေများကို ဆန်းစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူစုစု ပေါင်း၏ ၉၀ ဒသမ ၄ ရာခိုင်နှုန်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း၏ ၈၀ ဒသမ ၉ ရာခိုင်နှုန်းတို့မှာ ကာကွယ် ဆေးလုံးဝ ထိုးနှံထားခြင်းမရှိသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားခြင်း မရှိသူများဖြစ်ကြောင်း တွေ့ရှိရသည်။ နိုင်ငံတကာ သုတေသန တွေ့ရှိချက်များအရလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံထားသူများတွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံရမှုနှင့် သေဆုံး မှုတို့ကိုလျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ် ဆေးထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချနိုင်ကြောင်းကို  တွေ့ရှိရသည်။

သို့ဖြစ်ရာ အသက်ငါးနှစ်နှင့်အထက် ပြည်သူ များသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အား မဖြစ်မနေထိုးနှံထားရှိရန်လိုအပ်သည်။ ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ငါးနှစ်နှင့်အထက် ပြည်သူများအားလုံးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအခမဲ့ ထိုးနှံပေးလျက်ရှိသည့်အပြင် အသက် ၁၂ နှစ် မှ ၁၈ နှစ်အတွင်း ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ ခြောက်လနှင့် အထက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများအား ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးများနှင့်ဆက်သွယ်၍ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက်ခံယူကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာသတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။                       

(သတင်းစဉ်)