သင်္ကတုံကျေးရွာတွင် နနွင်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်၊ စိုက်ပျိုးရေး

သင်္ကတုံကျေးရွာတွင် နနွင်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် သင်္ဂတုံကျေးရွာတွင် စိုက်ပျိုးထားရှိသော နနွင်းစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

နနွင်းသီးနှံစိုက်ပျိုးမည်ဆိုပါက မြေကိုကောင်းစွာပြုပြင်ပြီး အကျယ် ၃ ပေ၊ အမြင့် ၁ ပေခွဲခန့် မြေပေါင်များပြုလုပ်ကာ စိုက်ပျိုးရ ကြောင်း၊ စိုက်ပျိုးရာတွင် နနွင်းခေါင်းမျိုးစိုက်ပျိုးခြင်းနှင့် နနွင်းအတက်မျိုး စိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း ၅ လက်မအကွာ စိုက်ပျိုးရကြောင်း မြေအစိုဓာတ်ရရှိစေရန် ရေသွင်းပေးရကြောင်း သိရသည်။

နနွင်းသီးနှံသည် စိုက်ပျိုးပြီးလေးလခန့်တွင် နနွင်းအပွင့်များစတင်ပွင့်ပြီး  ဈေးကွက်တွင်ရောင်းချပါက  နနွင်းတစ်ဧကတွင် ငွေကျပ် ခုနစ်သောင်းခန့်ရကြောင်း၊ ရှစ်လ ကျော်တွင် နနွင်းများတူးဖော်ရကြောင်း၊ တူးဖော်ရာ၌တစ်ဧကတွင်  နနွင်းအတက်အစို အချိန် ပိဿာ ၃၇၀၀ မှ ပိဿာ ၄၀၀၀ ထွက်ရှိပြီး နနွင်းအခြောက် ကုန်ချိန် ပိဿာ ၈၀၀ မှ ပိဿာ ၁၀၀၀ ခန့်ရရှိကြောင်း  နနွင်းစိုက် တောင်သူများထံမှ သိရသည်။

ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စုစုပေါင်း ၁၀၂၁ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်  စာရင်းအင်းဦးစီးဌာနမှ သိရသည်။                      

သက်မောင်