(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် လှာကမြင်ပန်းခြံဖွင့်လှစ်

ဘားအံ  အောက်တိုဘာ  ၃၁

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် လှာကမြင်ပန်းခြံဖွင့်လှစ်

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရုက္ခဗေဒပညာရှင်များ၊ ပန်းဝါသနာရှင်များ၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များကို ဆွဲဆောင်မှုရှိသော နေရာတစ်ခုဖြစ်စေရေး ရည်ရွယ်ဆောင်ရွက်ထားသော လှာကမြင်ပန်းခြံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ  အဆိုပါပန်းခြံတည်နေရာ၌   ကျင်းပသည်။

ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား Green City, Clean City ဖြစ်စေရေး သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လှပစေရေးအတွက် အများပြည်သူ အနားယူအပန်းဖြေနိုင်မည့် ပန်းခြံ၊ ကလေးကစားကွင်းနှင့် လျှောက်လမ်းများကို ဖန်တီးပေးလျက်ရှိကြောင်း၊ ပန်းခြံအားရှုချင်စဖွယ်ဖြစ်အောင် အမြဲစိမ်းလန်းသာယာ လှပစေရန် ရေရှည် စီမံချက်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအတွက် စိတ်လက်ပျော်ရွှင်စွာ အနားယူ အပန်းဖြေနိုင် မည့် အဆင့်မြင့် ပန်းခြံတစ်ခုဖြစ်စေရေး တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီးဦးစိုးလွင်က လှာကမြင်ပန်းခြံ တည်ဆောက်ရေး လုပ်ငန်း များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လှာကမြင်ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လှာကမြင်ပန်းခြံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လှာကမြင်ပန်းခြံ ဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်းတို့ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ တက်ရောက်လာသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တက်ရောက်လာသူများသည် လှာကမြင်ပန်းခြံအတွင်း စိုက်ပျိုးထားသော သစ်ပင်ပန်းပင်လေးသိန်းကျော်၊ ကွန်ကရစ်လျှောက်လမ်း၊ ရေပန်း အဝိုင်း၊ ရေကန်နှင့် ရေတံခွန်၊ ခုံးတံတား၊ နားနေဆောင်၊ ကလေးကစားကွင်း၊ ပန်းအလှပင်နှင့်မြေယာရှုခင်းများ၊ ကရင်ရိုးရာအိမ်လေးလုံး၊ ကော်ဖီဆိုင်နှင့် ရေပေးဝေရေးစနစ်တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကရင်ရိုးရာယဉ်ကျေးမှုဒုံးအဖွဲ့များ၊ ဘင်ခရာအဖွဲ့များ၊ ပန်းဖွား အကအဖွဲ့များကို ဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူက ပန်းခြံဖွင့်ပွဲ သို့တက်ရောက်လာသော ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များကို ဖွင့်ပွဲအထိမ်းအမှတ် ပန်းခြံပုံစံငယ်များကို အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံကျော်တေးသံရှင် Lဆိုင်းဇီ၊ မော်ဒယ်သရုပ်ဆောင်များနှင့် Section Player Music Band တို့တွဲဖက်၍ လှာကမြင်ပန်းခြံဖွင့်ပွဲအထိမ်းအမှတ် တေးဂီတ ဖျော်ဖြေပွဲကို ကြည့်ရှု အားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က တေးသံရှင်များနှင့်  တီးဝိုင်းအဖွဲ့သားများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း  သိရသည်။                             

 (သတင်းစဉ်)