မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ငှက်မျိုးစိတ် ၁၀၀ အကောင်ရေ ၁၀၀၀၀ ကျော် ဝင်ရောက်ကျက်စား

မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ငှက်မျိုးစိတ် ၁၀၀ အကောင်ရေ ၁၀၀၀၀ ကျော် ဝင်ရောက်ကျက်စား

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်နှင့်ဝေါမြို့နယ်အတွင်းရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ အောက်တိုဘာလမှစ၍ ဆောင်းခိုငှက်များ ဝင်ရောက်ရာ လက်ရှိတွင် အကောင်ရေ ၁၀၀၀၀ ကျော် ဝင်ရောက်ကျက်စားလျက်ရှိကြောင်း မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

မိုးယွန်းကြီးအင်း  တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့  အောက်တိုဘာလမှစပြီး ဆောင်းခိုငှက်များ  စတင်ဝင်ရောက်ရာ အောက်တိုဘာလက ကွင်းဆင်းကောက်ယူထားသည့်စာရင်းအရ ဆောင်းခိုငှက် ၂၁ မျိုး၊ ဌာနေငှက် ၂၁ မျိုး၊ ကုန်းငှက် ၅၈ မျိုး စုစုပေါင်း ငှက်မျိုးစိတ် ၁၀၀၊ အကောင်ရေ ၁၀၀၀၀ ကျော် ကျက်စားလျက်ရှိသည်။

ဆောင်းခိုငှက်များသည် ကမ္ဘာ့မြောက်ခြမ်းမှ ကမ္ဘာ့တောင်ခြမ်းကို လာရောက်ဆောင်းခိုကြကြောင်း၊ ဆောင်းခိုငှက်များသည်  ရေဝပ်ဒေသဂေဟစနစ်ကောင်းမွန်သည့်အတွက် လာရောက်ကျက်စားကြခြင်း ဖြစ်ကြောင်း၊ နှစ်စဉ် အောက်တိုဘာလတွင် ဆောင်းခိုငှက်များ စတင်ဝင်ရောက်လေ့ရှိပြီး ဇန်နဝါရီလမှ မတ်လအထိ အများဆုံးဝင်ရောက်ကာ မေလတွင် ၎င်းတို့၏ဌာနေသို့ပြန်ကြကြောင်း သိရသည်။

ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့  အထိမ်းအမှတ်နေ့ကို တစ်နှစ်လျှင် နှစ်ကြိမ်သတ်မှတ်ထားကြောင်း၊ အောက်တိုဘာ ၈ ရက်နှင့် မေ ၁၄ ရက်ကို ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့အဖြစ် တစ်နှစ်နှစ်ကြိမ် သတ်မှတ်ထားကြောင်း သိရသည်။              

စောယု