ကျောက်မျက်၊ ရွှေရောင်းဝယ်သူများ၊ အိမ်ခြံမြေကဏ္ဍတို့အား ဆုံးရှုံးနိုင်ခြေအန္တရာယ် အခြေပြုကွင်းဆင်း/ရုံးထိုင် စစ်ဆေးမှုများ ဦးစားပေး ဆောင်ရွက်ရန် မှာကြား

ကျောက်မျက်၊ ရွှေရောင်းဝယ်သူများ၊ အိမ်ခြံမြေကဏ္ဍတို့အား ဆုံးရှုံးနိုင်ခြေအန္တရာယ် အခြေပြုကွင်းဆင်း/ရုံးထိုင် စစ်ဆေးမှုများ ဦးစားပေး ဆောင်ရွက်ရန် မှာကြား

နေပြည်တော်  နိုဝင်ဘာ   ၁

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး(၁/၂၀၂၂)အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ  မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ ကျင်းပသည်။

အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက  မြန်မာနိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်ရမည့် Action Plan (၁၁)ချက်အပေါ် သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်ရမည့်အချက်များ၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့် အချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် လုပ်ငန်းအဖွဲ့ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက Action Plan အချက် (၁၁)ချက်အနက်  နိုဝင်ဘာလအတွင်း  အပြီးသတ် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အချက် လေးချက်ဖြစ်သည့် အဓိကနယ်ပယ်များရှိ  ငွေကြေးခဝါချမှု အန္တရာယ်များကို နားလည်သိရှိမှု တိုးတက်ကြောင်း ပြသရန်၊ ကျောက်မျက်၊ ရွှေရောင်းဝယ်သူများ၊ အိမ်ခြံမြေကဏ္ဍတို့အား   ဆုံးရှုံးနိုင်ခြေအန္တရာယ် အခြေပြုကွင်းဆင်း/ရုံးထိုင် စစ်ဆေးမှုများဦးစားပေး ဆောင်ရွက်ရန်၊ အသိပညာဖြန့်ဝေခြင်း၊ မှတ်ပုံတင်ခြင်းနှင့် ကြီးကြပ်ခြင်းအပါအဝင် ဟွန်ဒီလုပ်ငန်းများနှင့် ဆက်စပ်သည့် စည်းမျဉ်းများကို အကောင်အထည်ဖော် ဆောင်မှုပြုလုပ်ရန်၊  လူအများအပြား သေကျေစေသည့်   လက်နက်များပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရ ပစ်မှတ်ထားအရေးယူမှု ဆိုင်ရာ တာဝန်ဝတ္တရားများနှင့် ပတ်သက်၍ သတင်းပို့ အဖွဲ့အစည်းများအား   အသိပညာပေးသည့်လုပ်ငန်းများ  တိုးမြှင့်ဆောင်ရွက်ရန်နှင့် ၎င်းတို့ကိုကြီးကြပ်ဆောင်ရွက်မှု တိုးမြှင့်ပြုလုပ်ရန်ကိစ္စရပ်များ၊  ဆက်လက်ဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းဆွေးနွေး တင်ပြကြရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့်  တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

အစည်းအဝေးသို့  မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊  အဂတိလိုက် စားမှုတိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင်၊ ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊  ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်  ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊  ဥပဒေရေးရာ ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊   မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်(နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး)၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်  (မှုခင်းနှင့် ဥပဒေရေးရာ ဌာနကြီး)၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။