အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းနည်းပညာ (TOT) သင်တန်းဖွင့်လှစ်

နေပြည်တော်၊ လူမှုရေး

အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းနည်းပညာ (TOT) သင်တန်းဖွင့်လှစ်

အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းနည်းပညာ (TOT) သင်တန်းကို အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရှိ Incubation Centre ၌ နိုဝင်ဘာ ၁ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသည်။

အခမ်းအနားသို့ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်း နည်းပညာများကို တိုင်းဒေသကြီးနှင့်  ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးများ လက်အောက်၌ အသစ်တိုးချဲ့ဖွင့်လှစ်ခဲ့သော ခရိုင်ရုံးများတွင် တာဝန်ထမ်းဆောင်သည့်ဝန်ထမ်းများအား အရည်အသွေးပြည့်ဝသည့် သင်တန်း နည်းပြများအဖြစ်  မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်သည်။

သင်တန်းဖွင့်ပွဲတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးသိန်းတိုးက အခြေခံအိမ်တွင်း လျှပ်စစ် သွယ်တန်း နည်းပညာသင်တန်းသည် လျှပ်စစ်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း နည်းပညာတစ်ခုဖြစ်ကြောင်း၊ လျှပ်စစ်ကို ကျေးလက် ဒေသနှင့် မြို့ပြများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည့်အတွက် အခြေခံလျှပ်စစ် သွယ်တန်းခြင်းပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားရမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်အလုပ်အကိုင်တစ်ခုအဖြစ်  ထူထောင်နိုင်သည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊  ပြန်လည်သင်ကြားပို့ချပေးမည့်  သင်တန်းသားများအနေဖြင့် စာတွေ့လက်တွေ့ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက် အောင်သင်ယူကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူး ဦးအောင်သင်းက သင်တန်းတွင် သင်ကြားပေးမည့် ဘာသာရပ်များနှင့် သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းကို တိုင်းဒေသကြီး ၊ပြည်နယ်ရုံးများ၊ ရက်ကန်းနှင့် သက်မွေးပညာ သင်တန်းကျောင်းများ၊ ခရိုင်ရုံးများမှ ဝန်ထမ်း ၁၃ ဦး၊ ရုံးချုပ်မှ ဝန်ထမ်းသုံးဦး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၁၆ဦးအား နိုဝင်ဘာ ၁ ရက်မှ ၁၅ ရက်အထိ ရက်သတ္တ နှစ်ပတ်ကြာ စာတွေ့ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း  သိရသည်။         

 ဇော်မျိုး(နေပြည်တော်)