၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် သစ်အချောထည်  ၈၁၆ ဒသမ ၅၇ ကုဗတန်ကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် သစ်အချောထည်  ၈၁၆ ဒသမ ၅၇ ကုဗတန်ကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်

နေပြည်တော်  နိုဝင်ဘာ  ၁

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း) စက်မှုဇုန်ရှိ National Wood Industry လီမိတက်၏ သစ်အခြေခံ အချောထည် စက်ရုံသို့ သွားရောက်၍   စက်ရုံအတွင်း ကျွန်းသစ်လုံးများ တင်ဒါစနစ်ဖြင့် ဝယ်ယူစုဆောင်းထားရှိမှု၊ ခေတ်မီစက်များ အသုံးပြု၍ အဆင့်ဆင့် ခွဲစိတ်ဖြတ်တောက်မှု၊ အရွယ်အစား အမျိုးအစားအလိုက် အချောထည်ထုတ်လုပ်မှု၊ ဘေးထွက်ပစ္စည်းများကို စွန့်ပစ်မှုမရှိရအောင် အဆင့်မြင့်နည်းပညာနှင့် ခေတ်မီစက်ကိရိယာ အသုံးပြု၍    ပြည်ပပို့သစ် အချောထည်များအဖြစ် ထုတ်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် စက်ရုံရှင်းလင်းဆောင်တွင် အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ဝင်းက National Wood Industry လီမိတက်အနေဖြင့် သင်္ဘောကိုယ်ထည်နှင့် ကြမ်းခင်းတွင် အသုံးပြုသည့် သစ်အချောထည် (Decking) အပအဝင် သစ်အချောထည်ပစ္စည်းများကို ထုတ်လုပ်တင်ပို့လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သစ်အချောထည် ၈၄၆ ဒသမ ၂၇ ကုဗတန်၊ ၂၀၂၁-၂၀၂၂  ခြောက်လ  ဘဏ္ဍာနှစ်တွင် သစ်အချောထည် ၈၃၃ ဒသမ ၃၈ ကုဗတန်၊ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင် သစ်အချောထည် ၈၁၆ ဒသမ ၅၇ ကုဗတန်ကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခဲ့ကြောင်း၊  ယခုလည်း    ဆက်လက် တင်ပို့လျက်ရှိကြောင်း၊ ထုတ်လုပ်မှုအဆင့်ဆင့်မှ  ထွက်ရှိလာသည့် ဘေးထွက်ပစ္စည်းများကိုလည်း အဆင့်မြင့်နည်းပညာ အသုံးပြု၍ သစ်အခြေခံ အချောထည်များအဖြစ် ထုတ်လုပ်လျက်ရှိကြောင်းနှင့် သစ်အခြေခံ အချောထည်ပစ္စည်းများအား ပြည်ပသာမက ပြည်တွင်းလိုအပ်ချက်များအတွက်ပါ ဖြည့်ဆည်းပေးလျက်ရှိကြောင်း ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရေးနှင့် အရည်အသွေးမြင့် မြန်မာ့ကျွန်းသစ်အခြေခံ အချောထည်ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်သွားရန် မှာကြားသည်။ MSME လုပ်ငန်းတစ်ခုဖြစ်သည့် National Wood Industry  လီမိတက်သည် မြန်မာ့ကျွန်းသစ်အခြေခံ အချောထည်များကို ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး ပြည်ပဈေးကွက်များသို့ ပိုမိုတင်ပို့နိုင်ရေး MSMEကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေးအတွက် ဝန်ကြီးဌာနနှင့်သက်ဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။