၂၀၂၁ ခုနှစ်အတွက် အမျိုးသား စာပေဆုနှင့် စာပေဗိမာန် စာမူဆုရရှိသူတို့၏ ရင်တွင်းစကားသံများ

၂၀၂၁ ခုနှစ်အတွက် အမျိုးသား စာပေဆုနှင့် စာပေဗိမာန် စာမူဆုရရှိသူတို့၏ ရင်တွင်းစကားသံများ

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ ရေးသားပြုစုခဲ့ကြသော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသော အားဖြင့် ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

အမျိုးသားစာပေဆုတွင်  သုတပဒေသာ(ဝိဇ္ဇာ)ဆုရ  ရာမညစာအုပ်ရေးသားသူ  ပန်းတနော်ခင်မောင်မြင့်နှင့်  စာပေဗိမာန်စာမူဆုတွင် “ရေအဆန်လေထန်ကြမ်းပေမယ့် ကမ်းရောက်ခဲ့ပြီ” ခေါင်းစဉ်ဖြင့် လူငယ်စာပေ ဒုတိယဆုရရှိသူ ရေနံ့သာမောင်ကျော်ညွန့်တို့အား ဆက်သွယ်မေးမြန်းပြီး ရင်တွင်းစကားကြားသိခဲ့ရမှုအား စာဖတ်သူများအတွက် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။

ဆရာပန်းတနော်ခင်မောင်မြင့်

    ဒီစာအုပ်နဲ့ပတ်သက်ပြီး စတင်ပြင်ဆင်တာ နှစ်နှစ်ကြာခဲ့ပါတယ်။ ရာမညစာအုပ်က မွန်ရာဇဝင်သမိုင်းကို ရေးတာဖြစ်ပါတယ်။

ရှေးအကျဆုံး မွန်သမိုင်းကို ရေးသားတဲ့ စာအုပ်က စစ်ကဲဦးရွှေနော်က “မွန်ရာဇဝင်နှင့် စေတီတော်သမိုင်း” ၁၈၉၉ ခုနှစ်စာအုပ်သာ တွေ့ရပါတယ်။ ဒုတိယတွေ့ရတဲ့ စာအုပ်က မြန်မာ့လမ်းစဉ်ပါတီ လက်ထက်ကထုတ်တဲ့ “တိုင်းရင်းသား ယဉ်ကျေးမှု ရိုးရာဓလေ့ ထုံးစံများ(မွန်) ၁၉၇၀ ခုနှစ်က တွေ့ရပါတယ်။ မွန်သမိုင်းကို အများအားဖြင့် ဘုရားစေတီသမိုင်းတွေနဲ့ ရောထွေးရေးထားတာ တွေ့ရတယ်။  ရာဇဝင်သမိုင်းကို အနည်းငယ်ယူတာ ဆရာကြီး ဒေါက်တာနိုင်ပန်းလှက ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းနဲ့ အမတ်ကြီး ဗညားဒလရေးသော ရာဇာဓိရာဇ်အရေးတော်ပုံ ကျမ်းနှစ်ခုရှိတယ်။ နှစ်ခုလုံးကအယူအဆချင်းမတူကြဘူး။ ခုနှစ် သက္ကရာဇ်တွေလည်း အယူအဆချင်း မတူကြဘူး၊ ဒါကြောင့် အဲဒီစာအုပ်တွေကို ခုနှစ်နဲ့ရာဇဝင်ကို ညှိနှိုင်းပြီး “ရာမည” စာအုပ်ကိုရေးသားခဲ့တာပါ။ “ရာမည”ဆိုတဲ့စကားလုံးကို မွန်တိုင်းရင်းသားတွေက  သဘောကျပါတယ်။ ကျွန်တော်စာစရေးတာကတော့ တပ်မတော်မှာ အမှုထမ်းဆောင်တဲ့ ကာလ  ဗိုလ်တထောင်သတင်းစာမှာ  ဆောင်းပါး၊ မြဝတီ၊ ငွေတာရီတို့မှာ ဝတ္ထုတို၊ ဝတ္ထုရှည်တွေရေးခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ တပ်မတော်က အငြိမ်းစားယူပြီး ပန်းတနော်ခင်မောင်မြင့် အမည်နဲ့ ဇွန်ပန်းမွှေးမွှေး စာပေတိုက်ကို တည်ထောင်ပြီး လုံးချင်းဝတ္ထုစာပေများကို ရေးသားခဲ့ပါတယ်။ ၁၂ နှစ်ကျော်အတွင်း သုတစွယ်စုံစာပေဆု၊ စာပေဗိမာန်စာမူဆုနဲ့ ၂၀၂၁ ခုနှစ်အမျိုးသား စာပေဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။

ဆရာကြီးပန်းတနော် ခင်မောင်မြင့်သည် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်ဇာတိ ဖြစ်သည်။ ၁၉၇၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဘူမိဗေဒအဓိကဖြင့် သိပ္ပံဘွဲ့ရရှိသည်။ မဟာသိပ္ပံနောက်ဆုံးနှစ် ဘူမိအင်ဂျင်နီယာဖြင့် တက်ရောက်သင်ကြားခဲ့ပြီး ဘွဲ့မရမီ ၁၉၇၄ ခုနှစ်တွင် တပ်မတော်သို့ ဝင်ခဲ့သည်။ တပ်မတော်တွင်  ဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် သတ္တုတွင်းဝန်ကြီးဌာန  ညွှန်ကြားရေးမှူးချုပ် အထိ တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၀ ပြည့်နှစ်တွင် အငြိမ်းစားယူ၍ စာပေရေးသားခြင်း လုပ်ငန်းသာ လုပ်ဆောင်ခဲ့သည်။

ဆရာရေနံ့သာမောင်ကျော်ညွန့်

    ၂၀၂၁ ခုနှစ်  စာပေဗိမာန်စာမူဆု လူငယ်စာပေ ဒုတိယဆုရတဲ့ စာမူအမည်က  “ရေအဆန်လေထန်ကြမ်းပေမယ့် ကမ်းရောက်ခဲ့ပြီ”ဖြစ်ပါတယ်။ လူငယ်တစ်ယောက်အကြောင်း ရေးထားတာပါ။ လူငယ်တစ်ယောက်ဆိုတာ တခြားမဟုတ်

ပါဘူး။ ကျွန်တော်ကိုယ်တိုင်ပါပဲ။ ကျွန်တော် လူငယ်ဘဝမှာ ဖြတ်သန်းခဲ့ရတာတွေကို ရေးဖွဲ့ထားတာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ငယ်ဘဝကို ဝတ္ထုဆန်ဆန်ရေးထားတဲ့ ဘဝသရုပ်ဖော်အဖွဲ့လို့ပဲ ပြောပါရစေ။ အင်မတန်ကြမ်းတမ်းတဲ့ ဘဝလမ်းပေါ်မှာ ရဲရဲဝံ့ဝံ့၊ ကျားကုတ်ကျားခဲ၊ မဖြစ်မနေကြိုးစား အားထုတ်ရင် ရည်မှန်းချက် ပန်းတိုင်ရောက်ပါတယ်။

ဒါကြောင့် “ရေအဆန်လေထန်ကြမ်းပေမယ့် ကမ်းရောက်ခဲ့ပြီ”လို့ အမည်ပေးလိုက်တာပါ။လူငယ်ဘဝကို ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရင်း ရည်မှန်းချက်မြောက် ပန်းတိုင်ရောက်ခဲ့ရပါတယ်။ ဖြတ်သန်းခဲ့ရတဲ့အထဲက တစေ့တစောင်း မီးမောင်းထိုးပြထားတဲ့ “ရေအဆန်လေထန် ကြမ်းပေမယ့် ကမ်းရောက်ခဲ့ပြီ”စာမူနဲ့ဆုရတော့ အတိုင်းထက် အလွန်ဝမ်းသာတာပေါ့။ လူငယ်တွေအတွက် တစ်စုံတစ်ရာ အတိုင်းအတာအထိ အကျိုးသက်ရောက်မှု ရှိလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ဆရာရေနံ့သာမောင်ကျော်ညွန့်သည် မကွေးတိုင်းဒေသကြီး  ရေနံချောင်းမြို့ နယ်ဇာတိဖြစ်သည်။ မူလတန်းပြဆရာမှ လက်ထောက်ညွှန်ကြားရေးမှူး  အထိ တာဝန်များ ထမ်းဆောင်ခဲ့ပြီး စာပေဗိမာန် စာမူဆု၊ ပခုက္ကူဦးအုန်းဖေ စာပေဆု၊ ဆိုကရေးတီး (တေးရေး)ဆု၊  တပ်မတော်နေ့ အထိမ်း အမှတ်စာပေဆု၊ မြဝတီစာပေတိုက် တစ်နှစ်တာ အကောင်းဆုံးစာမူဆု၊ ရွှေသမင်စာပေဆု၊ ပညာတန်ဆောင် စာပေဆုများတွင် ဝတ္ထုရှည်၊ ဝတ္ထုတို၊ ဝတ္ထုတိုပေါင်းချုပ်၊ ကဗျာရှည်၊ ကဗျာတို၊ ကဗျာပေါင်းချုပ်၊ ဆောင်းပါး၊ တေးသီချင်းဆု စသည်ဖြင့် ဆုပေါင်း ၃၁ ဆုရရှိခဲ့သည်။ ဆရာရေနံ့သာ မောင်ကျော်ညွန့်သည် ဆက်လက်၍လည်း စာဖတ် ပရိသတ်များအတွက် စာကောင်းပေမွန်များ ဆက်လက် ရေးသားလျက်ရှိသည်။

ဝန်းရံခ