ပွင့်ဖြူမြို့နယ်၌ ဖီးကြမ်းငှက်ပျောများ လှိုင်လှိုင်ထွက်ရှိပြီး ရောင်းအားကောင်း၍ ငှက်ပျောစိုက် တောင်သူများ အဆင်ပြေ

ပွင့်ဖြူမြို့နယ်၌ ဖီးကြမ်းငှက်ပျောများ လှိုင်လှိုင်ထွက်ရှိပြီး ရောင်းအားကောင်း၍ ငှက်ပျောစိုက် တောင်သူများ အဆင်ပြေ

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် အတွင်းရှိ ဒေသခံတောင်သူများက မဲဇလီ ရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အသုံးပြု၍  ဖီးကြမ်းငှက်ပျော စိုက်ပျိုးရေး လုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြရာ ယခုနှစ်တွင် ဖီးကြမ်းငှက်ပျောများ လှိုင်လှိုင်ထွက်ရှိပြီး  ရောင်းအားကောင်းနေ၍ ငှက်ပျောစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း တောင်သူများ၏ ပြောပြချက်အရ သိရသည်။

“ဖီးကြမ်းငှက်ပျောက  လူကြိုက်များတော့ ဈေးပိုရတဲ့အတွက် တောင်သူအများစု အားထားစိုက်ပျိုးကြတယ်။ ဒီနှစ် ဖီးကြမ်းငှက်ပျော တစ်ဖီးကို ငွေကျပ် ၈၀၀၊  ၉၀၀ နဲ့   အရောင်းအဝယ် ကောင်းနေပါတယ်။

တောင်သူတွေအနေနဲ့  မြို့ကိုသွားပြီး ရောင်းချစရာလည်း မလိုဘူး။   ကုန်သည်တွေက  ငှက်ပျောခြံအရောက်  လာရောက်ဝယ်ယူကြတော့    ကုန်ကျစရိတ်လည်း သက်သာတယ်။ အရင်နှစ်တွေက ဒီအချိန်ဆို ဖီးကြမ်းငှက်ပျော တစ်ဖီးကို ငွေကျပ် ၆၀၀ လောက်ပဲရတယ်။ ဒီနှစ်တော့ ဈေးကွက်မှာ ဖီးကြမ်းငှက်ပျော အရောင်းအဝယ် ကောင်းတဲ့အတွက် ဈေးပိုရလို့ ငှက်ပျောစိုက် တောင်သူတွေ တွက်ခြေကိုက်အဆင်ပြေနေပါတယ်”ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဖီးကြမ်းငှက်ပျော စိုက်ပျိုးသည့်  ဒေသခံတောင်သူ  ဦးကျော်ဆန်းက ပြောသည်။

ပွင့်ဖြူမြို့နယ်၌ အဓိကအားဖြင့် စပါး၊ နှမ်း၊  ကုလားပဲ၊  ပဲတီစိမ်း၊ နေကြာ၊ မြေပဲနှင့် ဟင်းသီးဟင်းရွက်တို့ကို စိုက်ပျိုးကြပြီး တချို့တောင်သူများမှာ ဥယျာဉ်ခြံမြေ များ၌  ဖီးကြမ်းငှက်ပျော၊ ငှက်ပျောချဉ်၊ သီးမွှေးငှက်ပျောနှင့် ရခိုင်ငှက်ပျောတို့ကို  စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။