၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ဒဏ်ရာအမြန်ဆုံးပြန်လည်သက်သာစေရန် ချယ်လ်ဆီးအသင်းခံစစ်ကစားသမား ရီစီဂျိမ်းစ် ဒူဘိုင်းသို့ သွားရောက်ဆေးကုသမှုခံယူ

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ဒဏ်ရာအမြန်ဆုံးပြန်လည်သက်သာစေရန် ချယ်လ်ဆီးအသင်းခံစစ်ကစားသမား ရီစီဂျိမ်းစ် ဒူဘိုင်းသို့ သွားရောက်ဆေးကုသမှုခံယူ

အင်္ဂလန်အသင်းနှင့် ချယ်လ်ဆီးအသင်း တောင်ပံခံစစ်ကစားသမားရီစီဂျိမ်းစ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ဒဏ်ရာမှ   အမြန်ဆုံးပြန်လည် သက်သာလာစေရန် ဒူဘိုင်းသို့ သွားရောက်ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ယခုဘောလုံးရာသီတွင်   ချယ်လ်ဆီးအသင်းနှင့် အတူ  အကောင်းဆုံးခြေစွမ်းပြနေသည့်  ရီစီဂျိမ်းစ်သည် အောက်တိုဘာ ၂ ရက်တွင်  ချန်ပီယံလိဂ်ပြိုင်ပွဲ  အုပ်စုပွဲစဉ်အဖြစ်ကစားသည့်  ချယ်လ်ဆီးအသင်းက အေစီမီလန်အသင်းကို ၂ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိသည့် ပွဲစဉ်တွင်   ဒူးဒဏ်ရာရရှိပြီးနောက်    ဆက်လက်ကစား နိုင်ခြင်းမရှိဘဲ   လူစားလဲထွက်ခွာခဲ့ရပြီးနောက်ပိုင်း  အနားယူနေရခြင်း ဖြစ်သည်။

အစောပိုင်းက  ရီစီဂျိမ်းစ်အနေဖြင့် ဒူးဒဏ်ရာမှာ ပြင်းထန်နေသည့်အတွက် ကာလတစ်ခုအထိအနားယူ ရမည်ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ  လွဲချော်ရဖွယ်ရှိနေသည်ဟု   ခန့်မှန်းထားသော်လည်း   ရီစီဂျိမ်းစ် ကိုယ်တိုင်က ကမ္ဘာ့ဖလားပြိုင်ပွဲကစားခွင့်အိပ်မက်ကို  လက်မလွှတ်လိုသည့်အတွက် ဒဏ်ရာကို ခန့်မှန်း ထားသည်ထက်  အမြန်ဆုံးပြန်လည် သက်သာလာစေရန်    ဒူဘိုင်းသို့ သွားရောက်ကာ  ဆေးကုသမှု ခံယူလျက်ရှိသည်။ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကလည်း   ရီစီဂျိမ်းစ်ကို  အသင်းကစားသမား စာရင်းတွင်  ရွေးချယ်လိုနေသည့်အတွက်   ဆက်လက်စောင့်ကြည့်နေကြောင်း သိရသည်။                 

                        Ref;Football London