တောင်ကြီးဒေသဝန်းကျင်၌စိုက်ပျိုးသည့် စတော်ဘယ်ရီသီးများ စတင်ထွက်ရှိချိန်တွင် ဈေးကောင်းရရှိနေ

တောင်ကြီးဒေသဝန်းကျင်၌စိုက်ပျိုးသည့် စတော်ဘယ်ရီသီးများ စတင်ထွက်ရှိချိန်တွင် ဈေးကောင်းရရှိနေ

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးဒေသဝန်းကျင်၌စိုက်ပျိုးသည့်    စတော်ဘယ်ရီသီးများ စတင်ထွက်ရှိချိန်တွင် ဈေးကောင်းရရှိနေပြီး ရန်ကုန်အပါအဝင် နယ်စုံသို့ တင်ပို့ရောင်းချနေပြီ ဖြစ်ကြောင်း စတော်ဘယ်ရီသီး စိုက်ပျိုးရောင်းချသူများ၏ ပြောဆိုချက်အရ သိရသည်။

စတော်ဘယ်ရီသီးစထွက်တဲ့အချိန်မှာတင်  ဈေးကောင်းရနေပါတယ်။   အဲဒါကြောင့် စိုက်တဲ့သူတွေလည်း အဆင်ပြေနေတယ်။  လက်ရှိ  ရန်ကုန်အပါအဝင် နယ်စုံကို တင်ပို့ရောင်းချနေပါတယ်။ ဝယ်ယူသူတွေရဲ့ အမှာရှိသလောက်ပဲခူးပြီး တင်ပို့ပေးတာဖြစ်လို့ အသီးအရည်အသွေးလည်း ကောင်းတယ်။    လတ်လတ်ဆတ်ဆတ်လည်းရပါတယ်ဟု တောင်ကြီးမြို့နယ်မှ စတော်ဘယ်ရီသီး စိုက်ပျိုးရောင်းချသူ ဒေါ်ရွှေရည်က ပြောသည်။

လက်ရှိတွင်   စတော်ဘယ်ရီသီး   တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၀ မှ ၁၇၀၀၀ အထိရှိပြီး ရန်ကုန်အပါအဝင် မုံရွာ စသည့်ဒေသများမှ မှာယူမှုများ ရှိနေသည့်အပြင် နယ်စုံသို့လည်း    တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

စတော်ဘယ်ရီသီးမှာ   အချွန်းသီးနဲ့ အကြွပ်သီးဆိုပြီး ရှိတယ်။   အကြွပ်သီးက အရောင်လှပြီး    အလုံးလည်းကြီးတယ်။

ဒေသသီးလောက်တော့  အထားမခံဘူး။

တောင်ကြီး၊  ဟိုပုံးနယ်တစ်ဝိုက်နဲ့  ပြင်ဦးလွင်ကထွက်တဲ့ အသီးတွေလည်း အရသာကောင်းကြတယ်။ အပင်မနာစေဖို့ ငါးရက်တစ်ခါ ခူးပေးတယ်ဟု ဒေါ်ရွှေရည်က ပြောသည်။

စတော်ဘယ်ရီကို ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တို့၌   ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလေ့ရှိပြီး တောင်ပေါ်ဒေသမှ ပျိုးပင်များကို ပုပ္ပားတောင်ခြေတစ်ဝိုက်၌ စမ်းသပ်စိုက်

ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းနေပြီ ဖြစ်ကြောင်း၊ အသီးအထွက်နှုန်းမှာ တစ်ဧကလျှင် ပိဿာချိန် ၃၀၀၀ မှ ၄၀၀၀ အထိထွက်ရှိပြီး စတင်ဆွတ်ခူးချိန်မှ ရက်ပေါင်း ၆၀ ခန့်အထိ ပုံမှန်ဆွတ်ခူးရရှိနိုင်ကြောင်း သိရသည်။                

 နဒီ