စက်ရက်ကန်းစက်မောင်း စက်ပြင်သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်

နေပြည်တော်၊ သက်မွေးပညာ

စက်ရက်ကန်းစက်မောင်း စက်ပြင်သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်

ချည်မျှင်နှင့်အထည်စက်ရုံများတွင် နည်းစနစ်ကျပြီး ကျွမ်းကျင်သော စက်ရက်ကန်း စက်မောင်း/စက်ပြင်ပညာရှင်များ တိုးပွား လာစေရန် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ရှိ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် စက်ရက်ကန်း  စက်မောင်း/စက်ပြင်သင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ  လေ့ကျင့်သင်ကြားပေးသော   စက်ရက်ကန်း စက်မောင်း/စက်ပြင် ပညာဖြင့် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် ချည်မျှင်နှင့် အထည်စက်ရုံများအတွက် နည်းစနစ်ကျပြီး ကျွမ်းကျင်သော စက်မောင်း/စက်ပြင်ပညာရှင်များ မွေးထုတ်ပေးရန်၊ နည်းစနစ်ကျပြီး မှန်ကန်သော   ရက်ကန်းအတတ်ပညာရှင်များ တိုးပွားလာ၍   အရည်အသွေးပြည့်မီပြီး ဈေးကွက်ဝင်သော အထည်အလိပ်များ တိုးမြှင့်ထုတ်လုပ်နိုင်စေရန်၊ စက်ရက်ကန်းစက်မောင်း/စက်ပြင် သင်တန်းကို သင်တန်းသား ၁၀ ဦးဖြင့် နိုဝင်ဘာ ၈ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။

သင်တန်းတွင် စက်ချိန်တွယ်နည်း၊ စက်ပြင်နည်း၊ ရက်ကန်းခတ်နည်းဘာသာရပ်များကို သင်တန်းကာလ နှစ်လကြာ အခမဲ့ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်လိုသူများအနေဖြင့် ပညာအရည်အချင်း ကန့်သတ်ချက်မရှိဘဲ တက်ရောက် နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်သော သင်တန်းသား၊ သင်တန်းသူများအား ချည်မှအထည်ဖြစ်သည်အထိ လုပ်ငန်း အဆင့်ဆင့်ကို  စာတွေ့လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ကြောင်း  သိရသည်။          

ဇော်မျိုး(နေပြည်တော်)